backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Brain AVM (arteriovenous malformation) (ဦးနှောက်သွေးလွှတ်ကြောနှင့်သွေးပြန်ကြော မှားယွင်းဆက်သွယ်မ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 27/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Brain AVM (arteriovenous malformation) (ဦးနှောက်သွေးလွှတ်ကြောနှင့်သွေးပြန်ကြော မှားယွင်းဆက်သွယ်မ) ကဘာလဲ။

AVM ဆိုတာ ဦးနှောက်ကိုထောက်ပံ့ပေးနေတဲ့ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတို့ ပုံမှန်မဟုတ်စွာ ဆက်သွယ်နေခြင်းဖြစ်တယ်။

သွေးလွှတ်ကြောတွေဟာ အောက်စီဂျင်ကြွယ်ဝတဲ့ သွေးတွေကို ဦးနှောက်ဆီထောက်ပံ့ဖို့ဖြစ်ပြီး သွေးပြန်ကြောတွေကတော့ အောက်စီဂျင်မရှိတော့တဲ့ သွေးတွေကို အဆုတ်နဲ့ နှလုံးဆီကို ပို့ပေးဖို့ဖြစ်တယ်။ ဒါကြောင့် AVM ဖြစ်ပေါ်လာပါက ထိုအသက်သွေးကြောဖြစ်စဉ်ကို အနှောင့်အယှက်ပေးပါတယ်။

Brain AVM (arteriovenous malformation) (ဦးနှောက်သွေးလွှတ်ကြောနှင့်သွေးပြန်ကြော မှားယွင်းဆက်သွယ်မ) က ဘယ်လောက်အဖြစ်များသလဲ

အလွန်ရှားပါးပြီး ပျမ်းမျှလူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်မှာသာ ဖြစ်ပေါ်လေ့ရှိတယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

လက္ခဏာများ

Brain AVM (arteriovenous malformation) (ဦးနှောက်သွေးလွှတ်ကြောနှင့်သွေးပြန်ကြော မှားယွင်းဆက်သွယ်မ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ထိုသွေးလွှတ်ကြောနဲ့ သွေးပြန်ကြော ပုံမှန်မဟုတ်ဆက်သွယ်နေရာမှ ပေါက်ပြီးသွေးမယိုမချင်း လက္ခဏာပြခဲပါတယ်။ ထိုကဲ့သို့အခြေအနေတွေရဲ့ တဝက်လောက်မှာ သွေးယိုခြင်းက ပထမဆုံးလက္ခဏာဖြစ်တယ်။

ဒါပေမယ့် တချို့တွေမှာကျတော့လည်း သွေးယိုခြင်းအပြင် တခြားလက္ခဏာတွေခံစားရနိုင်ပါတယ်။

သွေးယိုခြင်းမရှိသေးဘဲ လက္ခဏာစတင်ခံစားရသူတွေမှာ တွေ့ရတဲ့ လက္ခဏာတွေကတော့-

  • တက်ခြင်း
  • ခေါင်းကိုက်ခဲနာကျင်ခြင်း
  • ခန္တာကိုယ်တခြမ်းတွင်ကြွက်သားများအားနည်းခြင်း၊ ထုံခြင်း
  • တချို့တွေမှာတော့ နေရာကိုမူတည်ပြီး ပြင်းထန်တဲ့ အာရုံကြောဆိုင်ရာလက္ခဏာတွေခံစားရတတ်ပါတယ်။

    • ပြင်းထန်စွာခေါင်းကိုက်ခြင်း
    • အားနည်းခြင်း၊ ထုံခြင်း၊ လေဖြတ်ခြင်း
    • အမြင်အာရုံချို့ယွင်းခြင်း
    • စကားပြောရခက်ခြင်း
    • ေဝဝါးခြင်း
    • အလွန်အမင်းဟန်ချက်မထိန်းနိုင်ခြင်း

    လက္ခဏာတွေက အရွယ်မရွေးမှာ ဖြစ်လာနိုင်ပေမယ့် အသက် ၂၀ နဲ့ ၄၀ ကြားမှာပိုဖြစ်တတ်ပါတယ်။ ဦးနှောက်တစ်သျူးတွေလည်းပျက်စီးသွားနိုင်တယ်။ AVM ရဲ့ သက်ရောက်မှုတွေက တဖြေးဖြေးဆိုးလာနိုင်ပြီး လူငယ်ပိုင်းကစပြီးလည်း လက္ခဏာတွေပြတတ်ပါတယ်။

    သတ်လတ်ပိုင်းလောက်ရောက်လာတဲ့အခါမှာတော့ AVM ရဲ့လက္ခဏာတွေလျော့ပါးပြီး ငြိမ်သွားတတ်တယ်။

    တချို့သော ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ သွေးပမာဏ၊ သွေးပေါင်အနေအထားပေါ်မူတည်ပြီး လက္ခဏာတွေပိုဆိုးတတ်တယ်။

    Galen defect လို့ခေါ်တဲ့ ပြင်းထန်တဲ့ AVM အမျိုးအစားကတော့ မွေးပြီးပြီးချင်းလောက်မှ လက္ခဏာတွေပြစေတတ်တယ်။ ထိုအမျိုးအစားမှာဖြစ်တဲ့ သွေးကြောမကြီးထိခိုက်မှုဟာ ဦးနှောက်တွင်းအရည်များစုသွားပြီး ရောင်ရမ်းဖောင်းကားခြင်းကို ဖြစ်စေတယ်။ လက္ခဏာတွေကတော့ ဦးရေပြားမှာ ဖောင်းနေသောသွေးပြန်ကြောများမြင်နေရခြင်း၊ တက်ခြင်း၊ မကြီးထွားခြင်း၊ နှလုံးပြည့်ကျပ်ယိုယွင်းခြင်း တို့ဖြစ်တယ်။

    တခြားလက္ခဏာများလည်းရှိနိုင်သေးတာကြောင့် စိတ်ပူသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    ဖော်ပြပါအချက်များကြုံရပါက သို့ သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ပါ။ လူတိုင်းခန္ဓါကိုယ်က တစ်ယောက်နဲ့တစ်ယောက် မတူတာကြောင့် သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးပါ။

    အကြောင်းရင်းများ

    Brain AVM (arteriovenous malformation) (ဦးနှောက်သွေးလွှတ်ကြောနှင့်သွေးပြန်ကြော မှားယွင်းဆက်သွယ်မ) ကိုဘာတွေကဖြစ်စေသလဲ

    အကြောင်းအရင်းကတော့ သေချာမသိရသေးပါဘူး။ ဒါပေမယ့် တချို့သောလေ့လာသူတွေကတော့ အများစုသော AVM တွေဟာ သန္ဓြေသားဖွံ့ဖြိုးချိန်မှာ ဖြစ်လာတယ်လို့ ယူဆကြပါတယ။်

    ပုံမှန်အားဖြင့် နှလုံးမှအောက်စီဂျင်ကြွယ်ဝသောသွေးများကို သွေးလွှတ်ကြောမှတဆင့် ဦးနှောက်ဆီပို့ပေးပါတယ်။ သွေးလွှတ်ကြောထဲကသွေးစီးကြောင်းဟာ အရှိန်နှေးလာကာ ပိုပြီးသေးငယ်တဲ့ သွေးကြောလေးတွေကတဆင့် ဆံချည်မျှင်သွေးကြောငယ်လေးတွေထဲစီးဝင်သွားတယ်။ ထိုဆံချည်မျှင်သွေးကြောတွေက အပေါက်ငယ်များပါတဲ့ ပါးလွှာသောနံရံတွေကိုဖြတ်ပြီး သွေးတွေကို ဦးနှောက်တစ်သျူးတွေဆီ ပို့လွှတ်ထောက်ပံ့ပါတယ်။

    အောက်စီဂျင်ကုန်သွားတဲ့သွေးတွေကတော့ ဦးနှောက်ကနေ သွေးကြောငယ်လေးတွေကိုဖြတ်ကာ သွေးပြန်ကြောတွေထဲ စီးဝင်ပြီး နှလုံးနဲ့အဆုတ်ဆီ အောက်စီဂျင်ယူဖို့ပြန်ပါတယ်။

    AVM လို့ခေါ်တဲ့ ယခုရောဂါမှာတော့ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေကြားမှာ ဆက်သွယ်ထောက်ပံ့နေတဲ့ သွေးကြောငယ်လေးတွေမပါဘဲ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောကြားမှာ တိုက်ရိုက်ဆက်သွယ်နေခြင်းဖြစ်တယ်။ သွေးတွေဟာ ဦးနှောက်တစ်သျူးတွေဆီ မရောက်တော့ဘဲ သွေးပြန်ကြောဆီတိုက်ရိုက်ပြန်ရောက်ကုန်ပါတယ်။

    ဖြစ်နိုင်ခြေများ

    ငါ့ဆီမှာ Brain AVM (arteriovenous malformation) (ဦးနှောက်သွေးလွှတ်ကြောနှင့်သွေးပြန်ကြော မှားယွင်းဆက်သွယ်မ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

    ရောဂါဖြစ်ခြင်းကိုအားပေးသောအချက်များ

    • အမျိုးသားဖြစ်နေခြင်း၊ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။

    မိသားစုတွင်ရောဂါရာဇဝင်ရှိခြင်း။ မျိုးရိုးဗီဇနဲ့သက်ဆိုင်နေသလား၊ တိုက်ဆိုင်မှုပဲလားတော့မသေချာသေးပါဘူး။ AVM ကဲ့သို့ သွေးကြောရောဂါများမှာ မျိုးရိုးဆက်ခံခြင်းကတော့ ဖြစ်နိုင်ချေရှိပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Brain AVM (arteriovenous malformation) (ဦးနှောက်သွေးလွှတ်ကြောနှင့်သွေးပြန်ကြော မှားယွင်းဆက်သွယ်မ) ကို ဘယ်လိုအတည်ပြုပါသလဲ

    အဓိကစစ်ဆေးမှုသုံးနည်းရှိပါတယ် –

    ဦးနှောက်သွေးကြောပုံရိပ်ရိုက်ကူးခြင်း ပေါင်ခြံမှာရှိတဲ့ သွေးလွှတ်ကြောထဲကို သွေးငယ်သောပြွန်ငယ်လေးထိုးသွင်းကာ ထိုမှတဆင့် ဦးနှောက်ဆီပို့လွှတ်ခြင်းဖြစ်တယ်။ အရောင်ဆိုးဆေးတစ်ခုထိုးသွင်းပြီး ဦးနှောက်ရှိသွေးကြောများပုံရိပ်ကိုရိပ်ကူးတယ်။ AVM ဖြစ်နေပါက ရှုပ်ထွေးနေသောသွေးကြောကွန်ယက်များ တွေ့ရပါလိမ့်မယ်။ နေရာအတိအကျနဲ့ အရွယ်အစားကိုပါ သိနိုင်ပါတယ်။ အတိကျဆုံးသောစစ်ဆေးမှုဖြစ်တယ်။

    MRI – ဓါတ်မှန်မလိုဘဲ ခန္ဓါကိုယ်ရဲ့ပုံရိပ်တွေကို ရိပ်ကူးနည်းဖြစ်တယ်။ MRA က သွေးကြောအစီအစဉ်ကိုအသုံးပြုပြီး AVM နဲ့ ဦးနှောက်ရဲ့ သွေးလွှတ်ကြော၊ သွေးပြန်ကြောတွေကိုဖော်ပြတယ်။ MRI ဟာ AVM ရဲ့အသေးစိတ်အချက်အလက်နဲ့ ဦးနှောက်နဲ့ ဆက်နွယ်မှုကိုပြသပါတယ်။

    စီတီစကမ် (CT scan) – ဓါတ်မှန်ကိုသုံးကာ ခန္ဓါကိုယ်အစိတ်အပိုင်းအမျိုးမျိုးကို ပုံရိပ်ဖော်ပေးခြင်းဖြစ်တယ်။ ဦးနှောက်ထဲသို့သွေးယိုမှု၊ ဦးနှောက်ပတ်လည်အတွင်းရှိ နေရာလွတ်များထဲသို့သွေးယိုမှုများကိုဖော်ပြရာမှာ ကောင်းမွန်တဲ့နည်းဖြစ်တယ်။ ထိုနည်းဟာ အရောင်ဆိုးဆေးသုံးလည်းရသလို၊ မသုံးလည်းဖြစ်ပါတယ်။ CT scan နဲ့ AVM ကိုတွေ့ရနိုင်ပြီး အထူးသဖြင့် ဆိုးဆေးသုံးပါက ပိုတွေ့နိုင်ပါတယ်။

    Brain AVM (arteriovenous malformation) (ဦးနှောက်သွေးလွှတ်ကြောနှင့်သွေးပြန်ကြော မှားယွင်းဆက်သွယ်မ) ကို ဘယ်လိုကုသပါသလဲ

    ဆရာဝန်က AVM အရွယ်အစားနဲ့ နေရာပေါ်မူတည်ပြီး အကောင်းဆုံးသောကုသမှုကိုအကြံပေးပါလိမ့်မယ်။ ကုသနည်းများစုပေါင်းဆောင်ရွက်ခြင်းကတော့ လုပ်လေ့လုပ်ထသိပ်မရှိပါဘူး။

    နောက်တစ်နည်းကတော့ ဘာကုသမှုမှမလုပ်ဘဲ AVM ကိုစောင့်ကြည့်ခြင်းသာဖြစ်တယ်။ AVM ကိုနောက်ကျမှ ရှာဖွေသိရှိတဲ့အခါ ဒါမှမဟုတ် ကုသမှုလုပ်ဖို့ဘေးမကင်းဘူးလို့ ထင်တဲ့အခါ စောင့်ကြည့်ဖို့ပဲအကြံပေးပါလိမ့်မယ်။

    သွေးကြောပိတ်ဆို့ခြင်းနည်း

    မေ့ဆေးသုံးပြီး ဦးနှောက်သွေးကြောများမှတဆင့် AVM ဖြစ်ပေါ်ရာနေရာသို့ ပေါင်ခြံရှိသွေးကြောမှ ပလတ်တစတစ်ပြွန်ငယ်လေးထည့်သွင်းခြင်းဖြစ်တယ်။ ထိုပြွန်ငယ်မှတဆင့် AVM ဖြစ်ပေါ်နေသော သွေးကြောများထဲသို့ ကော်တစ်မျိုးထည့်ပြီး ထိုသွေးကြောကိုပိတ်ခြင်းဖြစ်တယ်။ ထိုနည်းလမ်းဟာအန္တရာယ်ရှိနိုင်ပြီး လုံးဝပျောက်ကင်းနိုင်ချေရှိမရှိက AVM အရွယ်အစားပေါ်မူတည်ပါတယ်။ ရံဖန်ရံခါ ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ ခွဲစိတ်ကုသခြင်းကဲ့သို့ တခြားသောကုသနည်းတွေနဲ့ ပေါင်းစပ်ကုသတတ်ပါတယ်။

    ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း

    သေးမျှင်သော X ရောင်ခြည်တန်းကို AVM ပေါ်အားများများသက်ရောက်သော်လည်း တခြားသောဦးနှောက်ဧရိယာများအပေါ် အတတ်နိုင်ဆုံးအားနည်းနည်းသာ သက်ရောက်စေခြင်းဖြင့်ကုသတယ်။ ထိုနည်းဖြင့် ၈၀ ရာခိုင်နှုန်းမျှသော လူနာတွေမှ ၂ နှစ် ၃ နှစ်ခန့်အထိ AVM ပိတ်သွားစေနိုင်ပါတယ်။ နောက်ဆက်တွဲပြဿနာတွေလည်းနည်းပေမယ့် AVM အပြည့်အဝမပိတ်ရင်တော့ သွေးယိုနိုင်ချေကတော့ ကျန်နေနိုင်ပါသေးတယ်။

    ခွဲစိတ်နည်း

    ရှေးအကျဆုံးနည်းဖြစ်တယ်။ မေ့ဆေးဖြင့် ခွဲခန်းထဲမှာ AVM ကိုခွဲစိတ်ဖယ်ထုတ်ခြင်းဖြစ်တယ်။ AVM တွေဟာ ဖယ်ပြီးပါက ပြန်မဖြစ်လာနိုင်တာကြောင့် အပြည့်အဝဖယ်ပစ်နိုင်ပါက ထာဝရပျောက်ကင်းနိုင်ပါတယ်။ ဦးနှောက်ရဲ့အရေးကြီးထဲအစိတ်အပိုင်းတွေရှိတဲ့နေရာနက်နက်မှာ AVM ဖြစ်နေရင်တော့ ခွဲစိတ်ဖို့ကအန္တရာယ်များတယ်လို့ ယူဆလို့ပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

    မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့၊ စဉ်းစားနိုင်ဖို့အတွက် AVM အကြောင်းလုံလုံလောက်လောက်လေ့လာပါ။ ဆရာဝန်ကို သင့်ရောဂါ၏တည်နေရာ၊ အရွယ်အစား၊ ကုသမှုတွေရဲ့ နောက်ဆက်တွဲသက်ရောက်နိုင်ချေတွေ အကုန်မေးပါ။ သိရှိလေ့လာတွေများလေလေ ကုသမှုအတွက် ဆုံးဖြတ်ချက်တွေမှာ ပိုယုံကြည်ချက်ရှိလေလေဖြစ်ပါလိမ့်မယ်။

    ခံစားချက်တွေကိုလက်ခံပါ။ သွေးယိုခြင်း၊ လေဖြတ်ခြင်း ကဲ့သို့ ရဲ့နောက်ဆက်တွဲပြနာတွေဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေနိုင်ပါတယ်။ စိတ်ခံစားချက်တွေက ထိန်းသိမ်းရခက်တာကို သိထားပါ။ တချို့သောခံစားချက်၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဟာ ထိုရောဂါကြောင့်ဖြစ်နိုင်ပါ်တယ။်

    သူငယ်ချင်း မိသားစုနဲ့ ရင်းရင်းနှီးနှီးနေပါ။ ထိုသို့နေခြင်းဟာ နေပြန်ကောင်းအောင်ကြိုးစားနေတဲအချိန်မှာ ကောင်းကောင်းအထောက်အပံ့ဖြစ်နိုင်ပါတယ်။ ဆရာဝန်ပြချိန် အဖော်လိုက်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအထောက်အပံ့ပေးခြင်း စသည်ဖြင့် အကူအညီဖြစ်ပါလိမ့်မယ်။

    စကားပြောစရာတစ်ယောက်ယောက်ရှိပါစေ။ သင့်မျှော်လင့်ချက်တွေ၊ ကြောက်ရွံမှုတွေကို သေချာနားထောင်ပေးလိုတဲ့လူတစ်ယောက်ရှာပါ။ သူငယ်ချင်းတစ်ယောက်ယောက် သို့ မိသားစုဝင်တစ်ယောက်ယောက်ဖြစ်နိုင်ပါတယ်။ နှစ်သိမ့်ဆွေးနွေးပေးသူ၊ ကျန်းမာရေးစောင့်ရှောက်သူ၊ အားပေးနှစ်သိမ့်သူတွေရဲ့ နားလည်ပေးမှု၊ ကိုယ်ချင်းစာ ထောက်ပံ့မှုတွေကလည်း အကူအညီဖြစ်ပါလိမ့်မယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 27/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement