backup og meta

အိမ်မွေးတိရစ္ဆာန်လေးတွေကို ခွေးရူးပြန်ရောဂါပိုးကနေ ဘယ်လိုကာကွယ်ပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်မွေးတိရစ္ဆာန်လေးတွေကို ခွေးရူးပြန်ရောဂါပိုးကနေ ဘယ်လိုကာကွယ်ပေးမလဲ

    ခွေးရူးပြန်ရောဂါပိုးက လူတွေအတွက်ပဲ အန္တရာယ်ရှိတာ မဟုတ်ပါဘူး။ အိမ်မှာမွေးထားတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေ အတွက်လည်း အရေးကြီးပါတယ်။ လူတွေမှာ ကူးစက်ခံရရင် အသေအပျောက်များသလိုပဲ သူတို့လေးတွေမှာလည်း ကုစရာ ဆေးမရှိဘဲ သေတတ်ပါတယ်။ ဒါကြောင့် အိမ်မှာ မွေးထားတဲ့ ချစ်စရာကောင်လေးတွေကိုလည်း ခွေးရူးရောဂါကနေ ကာကွယ်ပေးဖို့လိုပါတယ်။

    ခွေးရူးရောဂါပိုးကနေ ဘယ်လိုကာကွယ်ပေးကြမလဲ။

    • ကာကွယ်ဆေးထိုးပေးပါ။

    လူတွေပဲ ခွေးရူးကာကွယ်ဆေးထိုးလို့ရတာ မဟုတ်ပါဘူး။ သူတို့လေးတွေလည်း ထိုးလို့ရပါတယ်။ အိမ်မွေးခြံပေါက်ဆိုရင်တော့ မွေးပြီး ၃လအရွယ် (ကြောင်လေးတွေဆို ၂လလို့ပြောပါတယ်။ အသေးစိတ်ကို တိရစ္ဆာန်အထူးကုဆရာဝန်နဲ့ တိုင်ပင်ပါ)ဆို စထိုးပေးလို့ရပါပြီ။ တစ်နှစ်ကို တစ်ခါထိုးရပါတယ်။  ခွေးဖြစ်ဖြစ် ကြောင်ဖြစ်ဖြစ်ပါ။ ပြီးရင်နှစ်တိုင်း booster doseလို့ ခေါ်တဲ့ ထပ်ဆောင်းကာကွယ်ဆေး ထပ်ထိုးပေးရပါတယ်။

    ခုမှ အပြင်က ဝယ်မွေးမယ်ဆိုရင်လည်း ကာကွယ်ဆေးထိုးထားလား။ မေးကြည့်ပါ။ မထိုးရသေးရင် ထိုးပေးလိုက်ပါ။ ထိုးပြီး ၂၈ရက်နေရင် ခုခံအား စရပါပြီ။ ခွေးလေးတွေ ကြောင်လေးတွေကို ပုံမှန်ကာကွယ်ဆေးထိုးပေးတာက သူတို့တင် မကပါဘူး။ ကိုယ်တွေကိုပါ တဆင့်ခံ ကာကွယ်ပေးရာ ရောက်ပါတယ်။

    • ခွေးလေးတွေ ကြောင်လေးတွေကို အိမ်ထဲမှာပဲထားပါ။

    အဓိကကတော့ သူတို့ကို တခြားကာကွယ်ဆေး မထိုးထားတဲ့ တိရစ္ဆာန်လေးတွေနဲ့ ထိတွေ့မှု မရှိစေချင်တာပါ။ အပြင်ခေါ်သွားမယ်ဆိုရင်တောင် ကိုယ့်မျက်စိအောက်မှာပဲ ထားပါ။ သူတို့လေးတွေနဲ့ တခြားတိရစ္ဆာန်လေးတွေ အထူးသဖြင့် လမ်းဘေးခွေးတွေ၊ ကြောင်ရိုင်းတွေနဲ့ ထိတွေ့မှုရှိရင် ခွေးရူးပိုး ပါလာနိုင်လို့ပါ။

    သူတို့အချင်းချင်း ရန်ဖြစ်တာ၊ ကိုက်တာဖြစ်ရင် ဒဏ်ရာရပြီး အဲ့ဒီကနေ ပိုးဝင်ကူးစက်နိုင်ပါတယ်။ သူတို့လေးတွေကနေတဆင့် လူတွေကို ဆက်ပြီးကူးသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မျက်စိအောက်မှာပဲ ထားပါ။ ကိုယ်မပါဘဲ အပြင်ပေးမထွက်ပါနဲ့။

    • မွေးနိုင်သလောက်ပဲ မွေးပါ။

    တစ်ခါတလေ ကိုယ်က ချစ်လို့ မွေးလိုက်ပေမယ့် သူတို့ကနေ ထပ်ဖြစ်လာမယ့် ကလေးသေးသေးလေးတွေကိုပါ ထည့်စဉ်းစားရပါမယ်။ ကိုယ့်အနေနဲ့ ကောင်းကောင်းမထိန်းကျောင်းနိုင်ဘူး။ ကာကွယ်ဆေးတွေ လုံလောက်အောင် မထိုးပေးနိုင်ဘူးထင်ရင် အရင်ဆုံး တားဆေးထိုးထားပေးလိုက်ပါ။ နောက်ပိုင်း ကိုယ်နိုင်နိုင်နင်းနင်း မွေးနိုင်တဲ့အချိန်ကျမှ သားဖောက်ပါ။

    • လမ်းဘေးတိရစ္ဆာန်တွေကို သတိထားပါ။

    ကိုယ့်ရပ်ကွက်မှာ လမ်းဘေးခွေးတွေ၊ လမ်းဘေးကြောင်တွေ သိပ်များနေတယ်ဆိုရင် စည်ပင်ကို အကြောင်းကြားပြီး (အဆိပ်အမဲသား ကျွေးတာမျိုးမဟုတ်ဘဲ တခြားစိတ်ချရတဲ့ နေရာကို ခေါ်သွားဖို့) လာခေါ်ခိုင်းပါ။ ဒါမှမဟုတ် တိရစ္တာန်လေးတွေ မွေးတဲ့ ပရဟိတအဖွဲ့အစည်းတွေကို အကြောင်းကြားလို့ရပါတယ်။ နိုင်ငံခြားမှာတော့ animal controlကို ခေါ်လိုက်ရင် သူတို့က လာခေါ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ လမ်းဘေးက ပိုင်ရှင်မဲ့ ခွေးတွေ၊ ကြောင်တွေက ကာကွယ်ဆေးမထိုးထားတာ များတာကြောင့် ပတ်ဝန်းကျင်က လူတွေ ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန်တွေကို မတော်တဆ ကိုက်မိရင် အန္တရာယ်ရှိပါတယ်။ ခွေးရူးပိုးက ဒီလောက်ကို ကြောက်ဖို့ကောင်းတာပါ။

    သင့်ခွေးလေး ကြောင်လေးမှာ ခွေးရူးရောဂါပိုး ရှိကြောင်း ဘယ်လိုသိနိုင်မလဲ။

    ကာကွယ်ဆေး ပုံမှန်ထိုးနေရင်တော့ ဒါမျိုးက ဖြစ်ခဲပါတယ်။ ကာကွယ်ဆေးလည်း မထိုးထားဘူး။ ကိုယ်မသိဘဲ အပြင်ထွက်ထွက်ဆော့တတ်တဲ့ ကောင်လေးတွေ ဖြစ်နေရင်တော့ ဒီလက္ခဏာတွေကို သတိထားပါ။

    • ရန်ဖြစ်ထားတဲ့ ကိုက်ရာ၊ ကုတ်ရာတွေ ရှိနေတာ
    • ဂနာမငြိမ်ဘဲ ရန်လိုနေတာ
    • အထိမခံတာ၊ အလင်းရောင်တွေ၊ အသံတွေ ဒဏ်ကို မခံနိုင်တာ
    • အမှောင်ထဲမှာပဲ ကုတ်နေတာ
    • မစားနိုင် မသောက်နိုင်ဘဲ သားရည်တွေ တမြားမြားကျနေတာ
    • လမ်းမလျှောက်နိုင်တော့တာ စတာတွေ ဖြစ်နိုင်ပါတယ်။

    လူမှာဖြစ်တဲ့ လက္ခဏာတွေနဲ့ အတူတူပါပဲ။

    ဒီအချိန်မှာ တတ်နိုင်သမျှ ခွေးကို မထိပါနဲ့။ ထိမယ်ဆိုလည်း လက်အိတ်သေချာဝတ်ပါ။ အကာအကွယ်ဝတ်စုံဝတ်ပါ။ ကိုင်ပြီးတိုင်း လက်ဆေးပါ။ လူတွေနဲ့ ဝေးဝေးမှာထားပါ။ မထွက်ပြေးနိုင်အောင် သေချာစောင့်ကြည့်ပါ။ တတ်နိုင်ရင်တော့ ဆရာဝန်ကို အိမ်ပင့်ပြီး လာကြည့်ခိုင်းပါ။ ခေါ်သွားရမယ်ဆိုလည်း လှောင်အိမ်ထဲ ထည့်သွားပါ။ ဒီလိုအချိန်မှာ အရေးကြီးဆုံးက သင်ခွေးကိုက်မခံရအောင် ဂရုစိုက်တာပါပဲ။ ဒါက အရေးကြီးဆုံးပါ။

    ခွေးရူးကာကွယ်ဆေးက လူတွေအတွက်ပဲ မဟုတ်၊ အိမ်မှာမွေးထားတဲ့ကောင်လေးတွေအတွက်လည်း အရေးကြီးပါတယ်။ ထိုးဖြစ်အောင် ထိုးပေးထားပါ။ သူတို့ကို ထိုးပေးထားရင် သူတို့ကတဆင့် ကိုယ့်ဆီမကူးဖို့ တစ်ခါတည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement