backup og meta

ခေါင်းကိုက်စေရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ


Aye Thi Mon မှ ရေးသားသည်။ · 07/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခေါင်းကိုက်စေရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ

    ခေါင်းကိုက်စေရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ

    ခေါင်းကိုက်တာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေထဲက တစ်ခုပါ။ လူတော်တော်များများကခေါင်းကိုက်တာကို သူတို့သက်တမ်းတလျှာက်မှာ မဖြစ်မနေကြုံဖူးကြမှာပါ။ခေါင်းကိုက်တာက အရွယ်သုံးပါးစလုံးတွေ့ကြုံရနိုင်တဲ့ ကျန်းမာရေးပြဿနာပါ။ အရွယ်ရောက်ပြီးသူတွေရဲ့ ထက်ဝက်နီးပါးလောက်ကခေါင်းကိုက်တဲ့ဝေဒနာကိုခံစားကြရပါတယ်၊လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

    ခေါင်းကိုက်ခြင်း

    ခေါင်းကိုက်တာက စိတ်ဖိစီးမှုများနေတာ၊ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေတာနဲ့ သောက်သုံးမှီဝဲနေရတဲ့ဆေးဝါးတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဥပမာခေါင်းတစ်ခြမ်းကိုက်နေတာဆိုရင်သွေးတိုးနေတာကြောင့်ဖြစ်နိုင်သလို စိတ်ဓါတ်ကျနေတာ၊ စိုးရိမ်ပူပန်စရာအကြောင်းအရင်းတွေရှိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အလုပ်ခွင်နဲ့ ပညာသင်ယူမှုအပိုင်းမှာ အခက်အခဲကြုံတွေ့နေရတဲ့အခါမျိုးမှာလည်းခေါင်းကိုက်ဝေဒနာကို ခံစားရနိုင်ပါတယ်။

    ခေါင်းကိုက်တယ်ဆိုတာက ဦးခေါင်း ဒါမှမဟုတ် လည်ပင်းပိုင်းတစ်နေရာရာမှာ နာကျင်ထိခိုက်မိတာမျိုးရှိနေတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ အရမ်းပြင်းထန်တဲ့ရောဂါတွေရဲ့ လက္ခဏာအနေနဲ့ ခေါင်းကိုက်တာကိုခံစားရတာမျိုးလည်းရှိနိုင်ပါတယ်။ ခဏခဏခေါင်းကိုက်နေရင်တော့ အလုပ်ခွင်မှာရော လူမှုဆက်ဆံရေးမှာပါထိခိုက်တာမျိုးတွေရှိလာနိုင်ပါတယ်။ ဒါကြောင့်ခေါင်းကိုက်တာမျိုးမဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိရှိနိုင်စေဖို့အတွက်ခေါင်းကိုက်ရတဲ့အကြောင်းအရင်းတွေကိုပြောပြပေးချင်ပါတယ်။

    ခေါင်းကိုက်ရတဲ့ အကြောင်းအရင်းတွေက

    ခေါင်းကိုက်တယ်ဆိုတာက စိတ်ဖိစီးတာရဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်သလို ကျန်းမာရေးအခြေအနေတစ်ရပ်ကြောင့်ခေါင်းကိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ သွေးတိုးတာ၊ စိတ်ဖိစီးတာ နဲ့ စိတ်ပူပန်တာတွေကြောင့်ခေါင်းတစ်ခြမ်းကိုက်တာမျိုး ဖြစ်နိုင်ပါတယ်။

    သာမန်ခေါင်းကိုက်ခြင်း

    ဒီအချက်တွေကြောင့်ခေါင်းကိုက်နေတာလားဆိုတာကို ဆန်းစစ်ပါ။

    • အရမ်းပင်ပန်းတာ
    • အိပ်ရေးပျက်တာ
    • စိတ်ဖိစီးတာ
    • ဆေးဝါးတစ်ခုခုရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ခေါင်းကိုက်တာ
    • အစားအသောက်စားသောက်မှုပုံစံမမှန်တာ
    • တုပ်ကွေးလိုမျိုး ကူးစက်ရောဂါတစ်မျိုးမျိုးကြောင့်ခေါင်းကိုက်တာ
    • ဆူညံသံတွေကြောင့်ခေါင်းကိုက်တာ
    • အဖျားရှိနေတာ
    • အာသီးရောင်နေတာ
    • နားထဲပိုးဝင်တာ
    • အရမ်းအေးတဲ့ အစားအသောက်တွေဖြစ်တဲ့ရေခဲမုန့်၊ အအေးတို့လိုမျိုးအေးတဲ့ အစားအသောက်တွေစားသောက်တာ
    • အရက်နဲ့ဝိုင် အပါအဝင် အယ်လ်ကိုဟောပါဝင်တာတွေသောက်သုံးမိတာ
    • နိုက်ထရိတ်ပါဝင်နေတဲ့ပြုပြင်ထားတဲ့ အသားလိုမျိုးအရာတွေကို စားသုံးမိတာ
    • တဆင့်ခံဆေးလိပ်ငွေ့
    • အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေရဲ့ ပြင်းထန်တဲ့အနံ့တွေ
    • ပတ်ဝန်းကျင်ညစ်ညမ်းမှု
    • အနံ့အသက်တွေ
    • ရာသီဥတုပြောင်းလဲမှုတွေကြောင့်ခေါင်းကိုက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါတွေက သာမန်ခေါင်းကိုက်စေတဲ့ အကြောင်းအရင်းတွေဖြစ်တာကြောင့် စိုးရိမ်စရာ အရမ်းမရှိဘူးလို့ဆိုရပါမယ်။

    ရောဂါ ဒါမှမဟုတ် အကြောင်းရင်းတစ်ခုခုကြောင့်ခေါင်းကိုက်ခြင်း

    တစ်ခါတလေမှာခေါင်းကိုက်တာကရောဂါတစ်ခုခုရဲ့ရှေ့ပြေးလက္ခဏာဖြစ်နိုင်ပါတယ်။ တစ်ခုခုရောဂါခံစားနေရတာကြောင့်ဖြစ်တာမျိုးလည်းရှိနိုင်ပါတယ်။

    • အရက်သောက်တာများသွားတာကြောင့် အရက်နာကျတာ
    • ဦးနှောက်မှာ အကျိတ်ဖြစ်နေတာ
    • သွေးခဲနေတာ
    • ဦးနှောက်သွေးယိုတာ၊ ဦးနှောက် တဝိုက်မှာသွေးယိုစိမ့်နေတာ
    • အရမ်းအေးတာတွေကို စားတဲ့အခါ အပေါ်အာခေါင်ကို ကပ်မိတာ
    • ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်တာ
    • ဦးခေါင်းကို ထိခိုက်မိထားတာ
    • ရေဓါတ်မလုံလောက်တာ
    • မျက်လုံးရေတိမ်ဖြစ်တာ
    • ညအိပ်တဲ့အခါ သွားကြိတ်တတ်တာ
    • တုပ်ကွေးမိထားတာ
    • အကိုက်အခဲပျောက်ဆေးတွေ အသုံးများတာ
    • နာတာရှည်ရောဂါတစ်ခုခုခံစားနေရတာ
    • လေဖြတ်တာ

    ခေါင်းကိုက်တာက ခဏတဖြုတ်ဖြစ်တာမျိုးမဟုတ်ဘဲ ခပ်စိတ်စိတ်ဖြစ်နေတာ၊ တာရှည်ခံစားနေရတာဆိုရင်ပြင်းထန်တဲ့ရောဂါတစ်မျိုးမျိုး ခံစားနေရတာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။

    ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

    ခေါင်းကိုက်မှုဖြစ်ရတဲ့အကြောင်းအရင်းပေါ် မူတည်ပြီး ကုသစောင့်ရှောက်မှုက ကွဲပြားပါတယ်။ခေါင်းကိုက်ရင် အများဆုံးလုပ်ဖြစ်တာက အနားယူတာပါ။ အကိုက်အခဲပျောက်ဆေးတစ်မျိုးမျိုးသောက်တာမျိုးလည်းရှိပါတယ်။နောက်တစ်ခုကရေအေးအေးလေးနဲ့ နဖူးကိုကပ်ပေးတာဖြစ်ဖြစ်လုပ်ပေးလိုက်ပါ။ရေနွေးအိတ်ကပ်ပေးလို့ရသလိုရေခဲဝတ်ကပ်ပေးလို့လည်းရပါတယ်။ အပူချိန်နဲ့အအေးဓါတ်အရမ်းမများဖို့ သတိရပါ။ အစားအသောက်တွေကို ပုံမှန်စားသုံးပေးပါ။ရေဓါတ်ဆုံးရှုံးစေနိုင်တဲ့ ကဖင်းဓါတ်ပါတဲ့သောက်စရာတွေကို အတတ်နိုင်ဆုံး နည်းနည်းပဲသောက်ပါ။ရေများများသောက်ပေးပါ။သွေးတွင်း အချိုဓါတ်နည်းတဲ့အခါခေါင်းမကြည်တာမျိုးဖြစ်နိုင်တာကြောင့် အချိုဓါတ်စားသုံးပေးတာမျိုးလုပ်လို့လည်းရပါတယ်။ခေါင်းကိုက်နေတဲ့အခါ သံပုရာရည်ေသာက်တာ၊ လိမ္မော်သီးစားပေးတာ၊ ဂရိတ်ဖရု နဲ့ မဂ္ဂနီဆီယမ်ပါဝင်တဲ့အစားအသောက်တွေစားသောက်စေလို့လည်းရပါတယ်။ရေနွေးနွေးလေးနဲ့ရေချိုးပေးတာ၊ချွေးထွက်အောင် လှုပ်ရှားမှုလေးတွေ လုပ်ပေးတာ၊နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာ၊ အိပ်စက်ချိန်ပြည့်ဝအောင်အိပ်စက်ပြီး အနားယူတာတွေလုပ်ပေးပြီးခေါင်းကိုက်ဝေဒနာကို သက်သာအောင်လုပ်လို့ရပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 07/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement