backup og meta

အယ်လ်ဇိုင်းမားရောဂါ ကာကွယ်ဖို့ ရှောင်ရမယ့် အစားအစာတွေ


Ye Myo Myat မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အယ်လ်ဇိုင်းမားရောဂါ ကာကွယ်ဖို့ ရှောင်ရမယ့် အစားအစာတွေ

    အယ်လ်ဇိုင်းမားရောဂါ ဆိုတာ များသောအားဖြင့် အသက်ကြီးပိုင်း ဘိုးဘိုးဘွားဘွား အရွယ်တွေမှာ အရမ်းအဖြစ်များပါတယ်။ ဦးနှောက် သို့မဟုတ် စိတ်ချို့ယွင်းမှုရောဂါလို့လည်း ခေါ်သလို အရပ်ခေါ်အရ သူငယ်ပြန် ရောဂါလို့လည်း ဆိုနိုင်ပါတယ်။ တဖြည်းဖြည်း ဆိုးရွားလာရာကနေ ဦးနှောက်မှတ်ဉာဏ်နဲ့ တခြား စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို ထိခိုက်စေပါတယ်။

    ရောဂါလက္ခဏာအနေနဲ့ အစောပိုင်းကာလမှာ သတိမေ့လျော့ခြင်း၊ စိတ်အနည်းငယ်ရှုပ်ထွေးခြင်းတွေ ပြတတ်ပြီး အချိန်ကြာလာတာနဲ့အမျှ လတ်တလော ဖြစ်ပျက်ခဲ့သမျှ အရာတွေ မေ့ပျောက်သွားခြင်း၊ မေ့နေတဲ့ မှတ်ဉာဏ်တွေကို ပြန်အစဖော် မရခြင်း၊ စကားတစ်ခွန်းကို ထပ်ခါထပ်ခါ ပြောနေတတ်ခြင်း၊ မိသားစုဝင်ရဲ့ နာမည်၊ ဘယ်သူဘယ်ဝါဆိုတာကို စဉ်းစားမရတော့တဲ့အထိ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်က ကျဆင်းသွားနိုင်ပါတယ်။

    ဒါကြောင့် အယ်လ်ဇိုင်းမား ရောဂါကို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ဖို့ အရမ်း အရေးကြီးပါတယ်။ ဘဝကို ပျော်ရွှင်စွာ နေထိုင်ခြင်း၊ လူမှုဆက်ဆံရေး ကောင်းအောင်၊ မိသားစုတွင်း သံယောဇဉ် ခိုင်မြဲအောင် တည်ဆောက်ခြင်း၊ ဆေးလိပ်၊ အရက်ဖြတ်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးခြင်း၊ သွေးပေါင်ချိန်ကို ပုံမှန်အတိုင်း ဖြစ်နေအောင် ထိန်းခြင်း၊ နေရောင်ခြည်နဲ့ ထိတွေ့မှု ခံယူခြင်း၊ စားသောက်မှုပုံစံကို ပြောင်းလဲခြင်း စတဲ့ နည်းလမ်းတွေနဲ့ ဖြစ်နိုင်ခြေ လျော့နည်းအောင် ကာကွယ်လို့ ရပါတယ်။

    ဘယ်လို အစားအစာတွေကို များများစားသင့်၊ ရှောင်သင့်သလဲ။

    စားသောက်မှုပုံစံ ပြောင်းလဲခြင်းဟာလည်း အယ်လ်ဇိုင်းမား ရောဂါကို ကာကွယ်တဲ့ နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်နေ့တာ စားသုံးတဲ့ အစာအာဟာရတွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည် ဖြည့်တင်းပေးပြီး ကျန်းမာအသက်ရှည်စေဖို့ ကူညီပေးနိုင်တာကြောင့်ပါ။ ဒါကြောင့် ကိုယ့်ရဲ့ မိဘတွေကို အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ဘာတွေ အဓိက ကျွေးမလဲ၊ ရှောင်မလဲဆိုရင်

    ၁။ တာရှည်ခံ အစားအစာများ စားသုံးခြင်းကို လျှော့ချပါ။ တာရှည်ခံအောင် လုပ်ထားတဲ့ စားစရာတွေဟာ လတ်ဆတ်တဲ့ အစားအစာတွေထက် အာဟာရဓာတ် ပါဝင်မှု နည်းသလို တာရှည်ခံစေဖို့ ဓာတုဗေဒပစ္စည်းတွေ ထည့်သွင်းထားတာကြောင့် ရေရှည်မှာ ကျန်းမာရေးအတွက် ဒုက္ခများစွာ ဖြစ်စေနိုင်ပါတယ်။ တာရှည်ခံ အစားအစာတွေထဲမှာ ခေါက်ဆွဲခြောက်ထုပ်၊ ဝက်အူချောင်း၊ ဝက်သားပြား၊ အေးခဲထားတဲ့ အသားလုံးတွေ၊ စည်သွပ်ဘူးပိတ် အစားအစာတွေ၊ ဟင်းတွေ ပါဝင်ပါတယ်။

    ၂။ အချိုဓာတ် လွန်ကဲတဲ့ အစားအစာတွေကို လျှော့စားပါ။ သကြား သို့မဟုတ် အချိုဓာတ်ဟာ လူကို အဝလွန်စေတဲ့ အပြင် ခန္ဓာကိုယ်တွင်း သွေးစီးဆင်းနှုန်းကို လျော့ကျစေတယ်။ ဦးနှောက်ထဲကို သွေးစီးဆင်းမှု နည်းလာတာနဲ့အမျှ ပင်ပန်းနွမ်းနယ်လာပြီး လုပ်ဆောင်ရည်ကို ကျဆင်းစေနိုင်ပါတယ်။ ဒါ့အပြင် အဝလွန်ခြင်းကြောင့် နောက်ဆက်တွဲအနေနဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေ၊ ကိုယ်တွင်းအင်္ဂါမှာ အဆီဖုံးတာ၊ ကိုလက်စထရော တက်လာတာ၊ လေဖြတ်တာ အစရှိတဲ့ ကျန်းမာရေး ပြဿနာများ ဖြစ်လာစေနိုင်ပါတယ်။

    ၃။ အစာအာဟာရကို နေ့စဉ် စုံလင်စွာ စားပေးပါ။ လိုအပ်တဲ့ အစာအာဟာရ အလိုက်ကို နေ့တိုင်း ပြီးပြည့်စုံအောင် စားပေးနိုင်မှ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က ကောင်းစွာ အလုပ်လုပ်နိုင်မှာပါ။ ဒီအတွက် တတ်နိုင်သလောက် အစားမရွေးဘဲ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲ၊ အစေ့အဆန်၊ နွားနို့၊ အခွံမာသီး စတာတွေကို နည်းနည်းချင်းစီ စားပေးရပါမယ်။

    ၄။ နှလုံးနဲ့ ဦးနှောက်ဟာ တိုက်ရိုက်ဆက်စပ်နေတဲ့အတွက် နှလုံးအတွက် အားဖြစ်စေတဲ့ အစားအစာတွေသည်လည်း ဦးနှောက်ရဲ့ လုပ်ဆောင်ရည်ကို မြင့်တက်စေဖို့ ကူညီပေးပါတယ်။ ဘာတွေကို အဓိက စားပေးရမလဲဆိုရင် သံလွင်ဆီ၊ မြေပဲဆီ၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်၊ အနီရောင်အသားများကို စားပေးပါ။

    ၅။ Omega-3 fatty acid သည်လည်း ဦးနှောက်ကို ဖွံ့ဖြိုးစေပြီး မှတ်ဉာဏ်ကောင်းစေတာကြောင့် သေချာမှီဝဲဖို့ လိုပါတယ်။ အဆီများတဲ့ ငါးတွေ၊ ထောပတ်သီး စတာတွေကို စားပေးနိုင်ပါတယ်။

    ၆။ ဖောလစ်အက်ဆစ် (Folic Acid) အားဆေးတွေကိုလည်း ဖြည့်စွက်စာ အနေနဲ့ သောက်သုံးလို့ ရပါတယ်။ ဖောလစ်အက်ဆစ်ဓာတ်ဟာ ဦးနှောက်မှတ်ဉာဏ်ကို ထိခိုက်စေတဲ့ Homocysteine ပမာဏကို လျော့ကျစေတဲ့အပြင် မှတ်ဉာဏ်စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်။

    ၇။ ငယ်ရွယ်စဉ်မှာ အလွန်အကျွံ Diet လုပ်တာမျိုးကို တတ်နိုင်သလောက် ရှောင်ပါ။ ကိုယ်အလေးချိန် ကျစေဖို့ဆိုပြီး အစားတွေ အလွန်အကျွံရှောင်တာမျိုး၊ အစားအစာ အုပ်စု တစ်မျိုးတည်းကိုပဲ နေ့စဉ် စားပေးတာ၊ ဒါမှမဟုတ် အစာမစားဘဲ နေတာမျိုးက ရေရှည်မှာ ကျန်းမာရေးအတွက်လည်း မကောင်းသလို အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေပါတယ်။

    ဒီတော့ ကိုယ်ချစ်တဲ့ မိဘတွေ ဒီလိုရောဂါဆိုးမျိုး မဖြစ်ရလေအောင် ခုကတည်းက ကြိုတင် ဂရုစိုက်ဖို့၊ ကိုယ်တိုင်လည်း အနာဂတ်မှာ ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းလာစေဖို့ ခုကတည်းက တစ်မိသားစုလုံး ကျန်းမာစွာ စားသောက်နေထိုင်ဖို့ စလိုက်ကြရအောင်နော်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement