backup og meta

ဦးနှောက်သိပ်မကောင်းတော့ဘူး..တစ်ခန်းတွေလွတ်နေပါပြီနော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဦးနှောက်သိပ်မကောင်းတော့ဘူး..တစ်ခန်းတွေလွတ်နေပါပြီနော်

    အခုတလော ဘာလုပ်လုပ် အဆီအငေါ်မတည့်ဖြစ်နေတာ၊ ဟိုမေ့ဒီမေ့နဲ့၊ အတွေးအကြံကောင်းတွေလည်းမထွက်တာ ဘာကြောင့်များလဲ။ခေါင်းတွေလည်းမကောင်းတော့ပါဘူး၊ လွတ်နေပြီလို့တွေးမိဖူးလား။ ဗန်းစကားအခေါ်ဆို ပလပ်ကျွတ်တယ်ပေါ့။

    အဲဒါတွေက ဘာကြောင့်ဖြစ်တာလဲ။ အသက်ကြီးလို့လား (လူငယ်တွေလည်းဖြစ်တာပဲ)၊ အရက်သောက်လို့လား( မိန်းကလေးတွေကျ ဘယ်လိုပြောမလဲ)၊ အလုပ်တွေပိလို့လား( အလုပ်မည်မည်ရရမလုပ်တဲ့သူတွေမှာလည်း ဒီလိုဖြစ်တတ်တာပဲ)။ ဒါဆို ဘာကြောင့်လဲ….

    (၁) မနက်စာ လွတ်တယ်

    နေ့တစ်နေ့ရဲ့အစမှာ ခန္ဓာကိုယ်အင်ဂျင်ကြီးကို လည်ပတ်နိုင်ဖို့ လောင်စာအဖြစ်စတင်ပေးမယ့် မနက်စာက သိပ်အရေးကြီးပါတယ်။ မနက်စာ မစားဖြစ်ရင်သွေးတွင်းသကြားဓာတ်ကို ကျစေပြီး ကြာလာရင် ဦးနှောက်ကိုထိခိုက်စေနိုင်ပါတယ်။ ဦးနှောက်ဟာ တခြားအစိတ်အပိုင်းတွေထက် အားအင်ပိုအသုံးပြုတာဖြစ်ပြီး တစ်နေ့တာရှိနေတဲ့ သွေးတွင်းသကြားဓာတ်တွေရဲ့ ၂၀%အထိ ယူသုံးနိုင်ပါတယ်။ ဦးနှောက်မှာ အာဟာရမလုံလောက်တာ ပုံမှန်လိုဖြစ်လာတဲ့အခါ အားအင်ချို့တဲ့မှုဖြစ်လာပြီး ဦးနှောက်ရဲ့တုံ့ပြန်နိုင်စွမ်းကို ယိုယွင်းလာစေပါတယ်။ ဦးနှောက်ဆဲလ်ေတွက မကျန်းမာတော့ဘဲ မြန်မြန်သေဆုံးကုန်ပါတယ်။ ဒါ့ကြောင့် မနက်စာလွတ်ရင် အစာအိမ်ပဲထိခိုက်မယ်မထင်လိုက်ပါနဲ့။

    (၂) အိပ်ရေးပျက်ခံတယ်

    အိပ်ရေးပျက်ထားတယ်ဆိုရင် နောက်တစ်နေ့မှာ ဘာလုပ်လုပ်လေးဖင့်နေပြီး ဟိုမေ့ဒီမေ့ဖြစ်၊ အာရုံစိုက်မရတာတွေဖြစ်တတ်ပါတယ်။ အကြောင်းရင်းကတော့ ဦးနှောက်ထဲက အာရုံကြောဆဲလ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းအားနည်းစေလို့ပါပဲ။

    (၃) အလွန်အကျွံစားတယ်

    အဝလွန်တာနဲ့ မှတ်ဉာဏ်ချို့ယွင်းမှုကြားမှာ ဆက်နွှယ်မှုရှိနေတယ်လို့ လေ့လာမှုတွေက ဖော်ပြကြပါတယ်။ ဒါပေမယ့် ကိုယ်စားတဲ့အစားအစာတွေက အာဟာရဖြစ်တာမပါဘူးဆိုရင် အဝလွန်ခြင်းဖြစ်လာနိုင်တယ်လို့ သုတေသီတွေက သံသယရှိလာကြပါတယ်။ အာဟာရဖြစ်တာတွေမပါရင် ခန္ဓာကိုယ်က လိုအပ်တဲ့ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဆက်တောင့်တနေလို့ အလွန်အကျွံစားမိတတ်တယ်လို့ ယူဆကြပါတယ်။ ဒါ့ကြောင့် အများကြီးစားနေရင်းနဲ့ကို ဆာနေသေးတယ်လို့ ဦးနှောက်မှာ လာပေါ်နေတာဖြစ်ပါတယ်။

    (၄) ဆေးလိပ်သောက်တယ်

    ဆေးလိပ်သောက်ခြင်းက ဟန်ချက်ထိန်းညှိခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း စတဲ့လုပ်ဆောင်ချက်တွေကိုစီမံတဲ့ ဦးနှောက်အပိုင်းတွေမှာ ဆဲလ်အမြှေးပါးတွေနဲ့အာရုံကြောတွေကို ပျက်စီးစေနိုင်တယ်။

    (၅) ရေသိပ်မသောက်ဘူး

    ခန္ဓာကိုယ်မှာက ၇၀% လောက်အထိက ရေနဲ့ဖွဲ့စည်းထားတာဆိုတော့ ခန္ဓာကိုယ်ရဲ့ ဘယ်လုပ်ဆောင်ချက်အတွက်မဆို ရေက အရေးပါပါတယ်။ ရေဓာတ်မလုံလောက်တာနဲ့ ဦးနှောက်ဉာဏ်ရည်လုပ်ဆောင်ချက်တွေ ကျဆင်းမှုက အရမ်းကိုမြန်ပါတယ်။ ရေဓာတ်မလုံလောက်ရင် ပြဿနာဖြေရှင်းခြင်း၊ ပူးပေါင်းလုပ်ဆောင်ခြင်းနဲ့ အာရုံစူးစိုက်ခြင်းတွေမှာ သက်ရောက်မှုမကောင်းပါဘူး။

    (၆) အချိုတွေ အရမ်းစားတယ်

    ခန္ဓာကိုယ်နဲ့ ဦးနှောက်က သကြားဓာတ်ကို လိုအပ်တယ်ဆိုပေမယ့် အချိုသိပ်များရင်လည်း မကောင်းပါဘူး။ အချိုများများ ပုံမှန်စားမိရင် ဦးနှောက်ဆဲလ်တွေ အပါအဝင် ဆဲလ်တွေမှာ နာတာရှည်ရောင်ရမ်းမှုဖြစ်စေနိုင်ပါတယ်။ အရေးကြီးတဲ့ အာဟာရဓာတ်တွေစုပ်ယူနိုင်စွမ်းကိုလျော့နည်းစေနိုင်ပါသေးတယ်။

    (၇) စိတ်ဖိစီးမှုများတယ်

    စိတ်ဖိစီးတာကြာလာရင် ခန္ဓာကိုယ်အနှံ့မှာ ဆိုးကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်ပါတယ်။ စိတ်ဖီစီးစရာတွေဖြစ်လာရင် cortisolဟော်မုန်းတွေက ဦးနှောက်ထဲမှာ စုပုံနေပြီး ထိခိုက်မှုတွေပဲကျန်ခဲ့မှာပါ။ ဘာဖြစ်လာမလဲဆိုတော့ ဦးနှောက်ဆဲလ်တွေကို သေစေတဲ့အပြင် ဦးနှောက်ကိုပါ ကျုံ့စေပါတယ်။ ကိုယ့်ဦးနှောက်လေးကို ချစ်တယ်ဆို ဒီအချက်တွေ မလုပ်နဲ့တော့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement