backup og meta

ကမ်းခြေသွားပြီး အသားအရေနေလောင် လို့ စိတ်ညစ်နေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 08/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကမ်းခြေသွားပြီး အသားအရေနေလောင် လို့ စိတ်ညစ်နေပြီလား

    ကမ်းခြေကို အပန်းဖြေခရီးသွားပြီး ပြန်လာတဲ့အခါ တော်တော်များများ ပြောကြတဲ့အရာကတော့ “ငါ့အသားတွေ မည်းသွားတယ်” ဆိုတာပါပဲ။ လူအများစုက ကမ်းခြေရာက်ပြီဆိုရင် အင်္ကျီ၊ ဘောင်းဘီအတိုနဲ့ စိတ်လွတ်ကိုယ်လွတ် ပျော်ချင်ကြတာပါပဲ။ ဒါပေမယ့် ကိုယ့် အသားအရေနေလောင် နိုင်တာကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။

    နေရောင်ခြည်မှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေဟာ ရေဓာတ်ခမ်းခြောက်ပြီး မွဲခြောက်လာတယ်။ ညိုပြီး မည်းလာတယ်။ နေလောင်ခံရတာ ပြင်းထန်တဲ့အခါ အရည်ကြည်ဖုတွေ ထွက်လာပြီး တော်တော်လေးကို နာကျင်တဲ့ ဒုက္ခ ခံစားရနိုင်ပါတယ်။

    အသားအရေနေလောင် ခံရတဲ့အခါ ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။

    နေပူထဲ အကာအကွယ်မပါဘဲ၊ လုံခြုံတဲ့ အဝတ်အစားတွေ မဝတ်ဆင်ဘဲ အကြာကြီးထွက်လိုက်တဲ့အခါ နေလောင်ခံရပြီး အရေပြားကို ထိခိုက်စေပါတယ်။

    ၁။ နေလောင်သွားတဲ့ အသားအရေဟာ အရင်ဆုံး နီရဲပြီး ရောင်ရမ်းလာမယ်။

    ၂။ ပူစပ်ပူလောင်ဖြစ်ပြီး အရည်ကြည်ဖုတွေ ထွက်လာမယ်။

    ၃။ ရေဓာတ်ခမ်းခြောက်မယ်။

    ၄။ အရေပြားထဲ ဘက်တီးရီးယားပိုးဝင်ပြီး ရောဂါကူးစက်လွယ်မယ်။

    ၅။ အသားအရောင် မညီတော့ဘဲ ညိုမည်းလာမယ်။

    ၆။ အသားအရေ ယားယံလာမယ်။

    ၇။ အစိုဓာတ်နည်းသွားတဲ့အတွက် ကြမ်းပြီးခြောက်လာမယ်။

    ၈။ ကြည့်ရဆိုးတဲ့အပြင် အိုမင်းရင့်ရော်နေသလို ဖြစ်စေနိုင်ပါတယ်။

    နေလောင်ဒဏ်ခံရတဲ့ အသားအရေကို ပြန်လည်ကုသလို့ရမယ့် နည်းလမ်းများ

    ၁။ အရေပြားအောက်မှာ ငုပ်နေတဲ့ အပူတွေကို အနည်းငယ်စုပ်ယူသွားစေဖို့ ရေခဲဝတ် ကပ်ပေးထားပါ။ တစ်ရက်ကို ၁၀မိနစ်ကနေ ၁၅မိနစ်အထိ နေ့စဉ် မကြာခဏ လုပ်ပေးပါ။

    ၂။ ရိုးရိုးရေနဲ့ ရေချိုးတာ၊ ရေစိမ်တာမျိုး လုပ်ပေးပါ။ ခဏခဏ မလုပ်နိုင်ရင်တောင် တစ်နေ့ကို ၂ကြိမ်လောက် လုပ်ပေးပါ။ အနာကို သက်သာစေပါတယ်။

    ၃။ ရေချိုးပြီးတာနဲ့ ကိုယ်ကို ဖြည်းညင်းစွာ ရေသုတ်ပေးပါ။ လုံးဝခြောက်အောင် မသုတ်လိုက်ပါနဲ့။ ရေအနည်းငယ်လောက် ချန်ထားပါ။

    ၄။ ရှားစောင်းလက်ပပ်ပါတဲ့ အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။ ရှားစောင်းလက်ပပ်ဟာ အသားအရေကို အေးမြစေတယ်။ အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို ခွာချပေးပြီး ဆဲလ်အသစ်တွေ ပြန်ဖြစ်လာစေဖို့ ကူညီပေးတယ်။ အသားကို အေးစေတယ်။ အစိုဓာတ်လည်း ထိန်းပေးနိုင်လို့ နေလောင်ခံရတဲ့ သူတွေအတွက် အကောင်းဆုံးပါပဲ။

    ၅။ ရေများများသောက်ပေးပါ။ ခန္ဓာကိုယ်က ရေဓာတ်တွေ အများအပြားဆုံးရှုံးသွားတဲ့အတွက် ရေဓာတ်ခမ်းခြောက်မသွားစေဖို့ ရေသောက်ပေးဖို့ အရေးကြီးပါတယ်။

    ၆။ အရည်ကြည်ဖုတွေ ထွက်လာရင် ကုတ်လိုက်တာ၊ ဖဲ့လိုက်တာမျိုး မလုပ်ပါနဲ့။ ပိုပြီး ဆိုးသွားနိုင်တဲ့အပြင် ဘက်တီးရီးယားပိုးမွှားတွေ ဝင်နိုင်ပါတယ်။ အချိန်ပေးပြီး သူ့အလိုလို ပျောက်တဲ့အထိ စောင့်ပေးပါ။

    ၇။ နေလောင်ခံရလို့ အနာသက်သာချင်ရင် ibuprofen ပါဝင်တဲ့ လိမ်းဆေးတွေ လိမ်းပေးလို့ ရပါတယ်။

    ၈။ ဖျားနာတာ၊ မူးတာ၊ အားနည်းပြီး ပျော့ခွေတာ၊ ကိုယ်လက်မအီမသာ ဖြစ်တယ်ဆိုရင် ဆရာဝန်နဲ့ ပြဖို့ လိုအပ်ပါတယ်။

    ၉။ နေလောင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အရေပြားတစ်ဝိုက်ကို အမြဲဂရုစိုက်ပေးပါ။

    အသားအရေနေလောင် မခံရဖို့ ဘာတွေ ဂရုစိုက်ဖို့ လိုမလဲ။

    ကမ်းခြေရောက်ပြီဆိုရင်တော့ ဘယ်သူမှ အခန်းထဲမှာ နေချင်ကြမှာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ရဲ့ အလှအပတွေကို ငေးမောခံစားချင်မယ်။ ပင်လယ်၊ ရေကူးကန်မှာ ရေကူး၊ ရေစိမ်ချင်ကြမယ်။ နေပူစာ လှုံချင်ကြမယ်။ ဒါကတော့ သဘာဝပါပဲ။ ကိုယ့်အသားအရေကို မပျက်စီးစေဖို့အတွက် ကိုယ့်ဘက်က ကာကွယ်လို့ ရမယ့် အရာလေးတွေတော့ သိထားဖို့ အရေးကြီးပါတယ်။

    ၁။ နေပူထဲ ထွက်တော့မယ်ဆိုရင် နေလောင်ကာ ခရင်မ်ကို လိမ်းသွားပါ။ ကိုယ်က အတိုအပြတ်တွေ ဝတ်တော့မယ်ဆိုရင် အသားအရေနဲ့ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့နိုင်မယ့် နေရာတွေ မှန်သမျှ လိမ်းဖို့ အရေးကြီးပါတယ်။ နေလောင်ကာခရင်မ်မှာ အနည်းဆုံး SPF 30 ရှိဖို့ လိုအပ်ပါတယ်။

    ၂။ အပြင်ကနေ ပြန်ရောက်တာနဲ့ ခဏနားပြီး ရေချိုးပါ။ ရေချိုးပြီးသွားရင် အသားအရေကို အေးမြစေဖို့ အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။

    ၃။ နေလောင်ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ရေများများ သောက်ပေးဖို့ မမေ့ပါနဲ့။

    ၄။ အပြင်သွားတဲ့ အခါ နေအရမ်းပူတဲ့ အချိန်တွေဖြစ်တဲ့ မနက် ၁၀နာရီကနေ နေ့လည် ၄နာရီကြား အချိန်တွေကို ရှောင်ပါ။ မရှောင်နိုင်ရင်လည်း နေကာမျက်မှန်၊ ဦးထုပ်၊ ထီး ဆောင်းသွားပါ။

    ၅။ အသားအေးပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သားအဝတ်အထည်တွေ ဝတ်ဆင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 08/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement