နေရာအလိုက်ပေါက်တဲ့ ဝက်ခြံတွေနဲ့ဖြေရှင်းနည်း

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မျက်နှာနေရာအနှံ့မှာ ဝက်ခြံတွေပေါက်လို့ စိတ်ညစ်နေပြီလား။ မျက်နှာရဲ့ နေရာတိုင်းမှာ ဝက်ခြံပေါက်နိုင်ပြီး ဝက်ခြံပေါက်ရတဲ့အကြောင်းအရင်းတွေကလည်းနေရာပေါ်ကိုလိုက်ပြီး ကွဲပြားမှုရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ မျက်နှာမှာပေါက်ရတဲ့ ဝက်ခြံတွေက ဘာကြောင့်ပေါက်ရတာလဲဆိုတာကိုဆွေးနွေးကြည့်ရအောင်လား။

သိထားသင့်တဲ့ မျက်နှာပေါ်က ဝက်ခြံတွေအကြောင်း…………

မျက်နှာပေါ်မှာပေါက်တဲ့ ဝက်ခြံတွေကပေါက်တဲ့နေရာကိုလိုက်ပြီးဖြစ်ရတဲ့အကြောင်းအရင်းတွေလည်းကွာခြားနိုင်ပါတယ်။

နားထင် နဲ့ ဆံစပ်တလျှောက်မှာပေါက်တဲ့ဝက်ခြံ

နားထင်နဲ့ဆံစပ်တလျှောက်မှာ ဝက်ခြံပေါက်ရတာက ဆံသားအတွက်အသုံးပြုတဲ့ ပစ္စည်းတွေကြောင့်ဖြစ်နိုင်သလို ဆံပင်တွေကို ပုံမှန်သန့်ရှင်းပေးမှုအားနည်းတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ အဆီပါဝင်နေတဲ့ ဆံသားအတွက်အသုံးပြုတဲ့ ပစ္စည်းတွေကချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ပြီ ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့်ခေါင်းလျှော်ရည်နဲ့ဆံသားအတွက် အသုံးပြုရတဲ့ ပစ္စည်းတွေကို သတိထားရွေးချယ်ဖို့လိုပါမယ်။hairspray သုံးတဲ့အခါ နဖူးကို အဝတ်သန့်သန့်လေးတစ်ခုနဲ့ ကာထားပေးပါ။ခေါင်းလျှော်ပြီးတိုင်း မျက်နှာကိုသေချာသန့်စင်ပေးပါ။

ပါးပေါ်က ဝက်ခြံ

ပါးပေါ်မှာ ဝက်ခြံဖြစ်ရတာ ဆံသားတွေနဲ့ထိတွေ့မိတာ၊ ဖုန်းမျက်နှာပြင်ကို ပုံမှန် သန့်ရှင်းပေးမှုမရှိတာ၊ခေါင်းအုံးစွပ်ပုံမှန်မလဲတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေကြောင့် မျက်နှာအသားအရေပေါ်မှာ ဘက်တီးရီးယားတွေပြန့်နှံ့တာမျိုးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ပါးပေါ်က ဝက်ခြံတွေကို သက်သာစေဖို့အတွက် ဆံပင်ကို ပုံမှန်လျှော်တာ၊ ဖုန်းမျက်နှာပြင်ကို ပုံမှန်သန့်စင်တာ၊ခေါင်းအုံးစွပ်ကို ပုံမှန်လဲတာမျိုးလုပ်ပေးဖို့လိုပါမယ်။ ဒါတွေအပြင် မျက်နှာမှာ ထိကပ်အသုံးပြုတဲ့ အသုံးအဆောင်တွေ၊ မိတ်ကပ်လိမ်းခြယ်တဲ့ပစ္စည်းတွေကို ပုံမှန်သန့်စင်ပေးဖို့လိုပါမယ်။ ဖုန်းကို အိမ်သာထဲယူသွားတာမျိုးမလုပ်မိဖို့လည်း သတိထားစေချင်ပါတယ်။

မေးစေ့နဲ့မေးရိုးပေါ်မှာပေါက်တဲ့ ဝက်ခြံ

ဒါကတော့ ကိုယ်တွင်းမှာဟော်မုန်းပြောင်းလဲတာနဲ့ အူလေးတွေ ကျန်းမာရေးမကောင်းတာကြောင့်ဖြစ်နိုင်ပါတယ်။ ရာသီလာရမယ့်အချိန်နီးနေတာ၊ စိတ်ဖိစီးမှုများနေတာ၊ပေါင်မုန့်အဖြူ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ အစားများတာ၊ အချိုစားတွေနဲ့ပြုပြင်ထားတဲ့ အစားအစာတွေကို အလွန်အကျွံစားသုံးမိတာတွေကြောင့်မေးရိုးနဲ့မေးစေ့တို့မှာ ဝက်ခြံတွေဖြစ်လာရတာပါ။သောက်သုံးနေရတဲ့ဆေးဝါးတစ်ခုခုကြောင့်လည်း ဒီလိုဝက်ခြံတွေဖြစ်လာနိုင်ပါတယ်။

နဖူးနဲ့နှာခေါင်းပေါ်က ဝက်ခြံ

နဖူးနဲ့နှာခေါင်း အထူးသဖြင့်T-zone areaတွေမှာ ဝက်ခြံပေါက်နေရတာက အဆီတွေများနေလို့ဖြစ်နိုင်သလို စိတ်ဖိစီးနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီဝကခြံတွေကို သက်သာစေဖို့ဆိုရင် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ။ ညအိပ်ရာမဝင်ခင်မှာ တရားထိုင်တာ၊ သီချင်းနားထောင်တာလိုမျိုး စိတ်ဖိစီးမှုကိုပြေပျောက်စေနိုင်တဲ့အရာတွေကို လုပ်ဆောင်ပေးပါ။ ဒီလိုလုပ်ဆောင်ပေးတာက နဖူးနဲ့ နှာခေါင်းမှာပေါက်တဲ့ ဝက်ခြံတွေကို သိသိသာသာသက်သာစေနိုင်မှာပါ။

ဝက်ခြံသက်သာစေဖို့ လိုက်နာသင့်တဲ့နည်းလမ်းအချို့

ဒါတွေအပြင်ဝက်ခြံသက်သာစေဖို့အတွက် အခုပြောခဲ့တဲ့နည်းလမ်းလေးတွေကို လိုက်နာသင့်ပါတယ်။

  • တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပါ
  • မျက်နှာသစ်ဆေးခပ်ပျော့ပျော့လေးကိုပဲ အသုံးပြုပေးပါ
  • မျက်နှာကို လက်နဲ့ ခဏခဏမထိပါနဲ့
  • မျက်နှာအတွက် အသုံးပြုရတဲ့ အသုံးအဆောင်တွေကို ပုံမှန်သန့်စင်ပါ
  • ခေါင်းမှန်မှန်လျှော်ပါ
  • ခေါင်းအုံးစွပ်ပုံမှန်လဲပေးပါ
  • လက်ကိုမကြာခဏဆေးကြောပါ
  • အိပ်ရာမဝင်ခင် မိတ်ကပ်တွေဖျက်ပါ
  • ဝက်ခြံတွေကို မညှစ်ပါနဲ့
  • လေ့ကျင့်ခန်းလုပ်ပါ
  • ဆဲလ်သေတွေဖယ်ရှားပါ
  • ရေများများသောက်ပါ

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ စက်တင်ဘာ 3, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 3, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။