ဝက်ခြံအကြောင်း ဆွေးနွေးရအောင် လေဒီလေးတို့ရေ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အသားအရေလေးက ကြည်နေတာပဲ။ အသားအရေတော်တော်လေးကောင်းတယ်နော်၊ ဝက်ခြံလေးတွေရှိနေလို့သာ ဆိုတာမျိုးက ဝက်ခြံရှိသူတိုင်းလိုလိုကြားရလေ့ရှိတဲ့ စကားတစ်ခွန်းဖြစ်မယ်ထင်ပါတယ်နော်။ ဝက်ခြံဆိုတာက လေဒီလေးတွေမှာရော အမျိုးသားတွေမှာပါ ဖြစ်တတ်ကြတဲ့ အရေပြားပြဿနာတစ်ခုဆိုလည်း မမှားပါဘူး။ အပျိုဖော်ဝင်ချိန် လူပျိုဖော်ဝင်ချိန်မို့ပေါက်တာက အချိန်တန်ရင် ပျောက်သွားမှာပါဆိုပေမယ့် အချိန်တော်တော်ကြာတဲ့အထိ မပျောက်တဲ့အခါမှာတော့ အလှအပမှာ တော်တော်လေး ထိခိုက်စေသလို တစ်ခါတလေများဆို ကိုယ့်ကိုကိုယ် ယုံကြည်မှုတောင်ဆုံးရှုံးမိတယ်နော်။ ဒီလိုအလှပျက်စေ၊ ယုံကြည်မှုကို ထိခိုက်စေတဲ့ ဝက်ခြံတွေကို အမြစ်ပြတ်ချေမှုန်းချင်နေပြီလား။ ဒါဆိုရင်တော့ ဒီစစ်ဆင်ရေးမှာ အနိုင်ရစေဖို့ ရန်သူရဲ့အခြေအနေကို အရင်လေ့လာရအောင်လား……….

ဝက်ခြံအမျိုးအစားတွေက ဘာတွေလဲ………

ဝက်ခြံကအမျိုးအစားအမျိုးမျိုးရှိပါတယ်။ ဝက်ခြံ အမျိုးအစားကွာခြားမှုအလိုက် အရွယ်အစား၊ အရောင် နဲ့ နာကျင်မှုကလည်း ကွာခြားနိုင်ပါတယ်။

Whiteheads ဝက်ခြံ – အရေပြားအောင်ဘက်မှာရှိနေတတ်ပြီး အရမ်းမကြီးတဲ့ ဝက်ခြံအမျိုးအစားပါ။ ညှစ်လိုက်တဲ့အခါ အဖြူရောင်အနှစ်လေးတွေထွက်တတ်ပါတယ်။ နှာခေါင်း ဘေးတဝိုက်နဲ့ မေးစေ့မှာ အဖြစ်များပါတယ်။

Blackheads (ဆားဝက်ခြံ) – အရေပြားပေါ်မှာ ခပ်မဲမဲအရောင်နဲ့မြင်သာပါတယ်။ နှာခေါင်းနဲ့ T- Zone မှာအဓိကပေါက်တတ်ကြပါတယ်။

Papules ဝက်ခြံ – သေးငယ်ပြီး အရောင်က ပန်းရောင်ခပ်သန်းသန်းဖုလေးတွေပါ။ အရေပြားပေါ်မှာ မြင်သာပါတယ်။

Pustules ဝက်ခြံ – အရေပြားပေါ်မှာ သိသာထင်ရှားတဲ့ ဖုကြီးတွေပါ။ အခြေမှာ နီရဲနေပြီး ထိပ်ဘက်မှာ ပြည်လိုမျိုးစုစုလေးရှိနေတတ်ပါတယ်။

Nodules ဝက်ခြံ – ဝက်ခြံတွေထဲမှာမှ တော်တော်လေးကြီးတဲ့ ဝက်ခြံမျိုးပါ။ ကြီးမားပြီး အစိုင်အခဲကြီးသလို အရေပြားထဲမှာ စူးစူးနစ်နစ်တွယ်ဆက်နေကြပါတယ်။ ထိလိုက်ရင်ကို နာနေတတ်ပါတယ်။

Cysts ဝက်ခြံ – အရေပြားပေါ်မှာ မြင်သာတဲ့ ဝက်ခြံမျိုးပါ။ နာကျင်နီရဲနေတတ်ပြီး ဝက်ခြံတစ်ခုလုံးက ပြည်တွေနဲ့ ပြည့်နေတတ်ကြပါတယ်။ အမာရွတ်ကျန်နိုင်ခြေအများဆုံး ဝက်ခြံအမျိုးအစားပါ။

ဝက်ခြံ ဘာလို့ဖြစ်ရတာလဲ……..

ဝက်ခြံဆိုတာ မပြောခင်အရင်ဆုံးအရေပြားပေါ်က ချွေးပေါက်လေးတွေအကြောင်းအရင်ပြောပြပါရစေ။ အရေပြားပေါ်မှာ ချွေးပေါက်လေးတွေရှိနေပြီး ဒီချွေးပေါက်လေးတွေမှာ အဆီ၊ဘက်တီးရီးယား၊ အရေပြားပေါ်က ဆဲလ်သေတွေနဲ့ ပတ်ဝန်းကျင်က ညစ်ပေတဲ့အရာတွေ ပိတ်ဆို့သွားတဲ့အခါ ဝက်ခြံလေးတွေဖြစ်လာကြပါတယ်။ ဝက်ခြံကိုဖြစ်စေတဲ့အကြောင်း အရင်းကလည်းတော်တော်လေးများပါတယ်။

အစားအစာ – နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ အဆီများတဲ့ အစားအစာတွေ၊ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေ၊ နို့တွေ၊ အဆီများတဲ့နို့ထွက်ပစ္စည်းတွေနဲ့ ချောကလက်တို့ကလည်း ဝက်ခြံဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်က အငန်ကဲတဲ့အစားအစာတွေနဲ့ အစပ်ကဲတဲ့အစားအစာတွေကလည်း ဝက်ခြံဖြစ်စေနိုင်ပါတယ်။

ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ ချွေးပေါက်တွေထဲမှာ ပိတ်ဆို့သွားတဲ့အခါမျိုး မှာလည်း ဝက်ခြံတွေဖြစ်လာနိုင်ပါတယ်။

စိတ်ဖိစီးမှု – စိတ်ဖိစီးမှုများတာကလည်း ဝက်ခြံတွေကို ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းတွေထဲကတစ်ခုပါ။

မျိုးရိုးရှိတာ – မိဘတစ်ဦးဦးက ဝက်ခြံတော်တော်လေးပေါက်တဲ့သူဆိုရင်လည်း ဝက်ခြံဖြစ်နိုင်ခြေက တော်တော်လေးများနေပါတယ်။

ဟော်မုန်း အပြောင်းအလဲ – အပျိုးဖော်ဝင်ချိန်၊ လူပျိုဖော်ဝင်ချိန်မှာ ဖြစ်ပေါ်တတ်တဲ့ ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ဝက်ခြံဖြစ်နိုင်ပါတယ်။

ဆေးဝါးတေ – သောက်သုံးနေရတဲ့ ဆေးဝါးတွေရှိနေမယ်ဆိုရင်လည်း အဆိုပါဆေးဝါးတွေကြောင့် ဝက်ခြံဖြစ်ရတာပါ။

အလှကုန်တွေ – အသုံးပြုနေတဲ့ မိတ်ကပ်အပါအဝင် အချို့သောအလှကုန်ပစ္စည်းတွေကြောင့် ချွေးပေါက်တွေ ပိတ်ဆို့မှုကနေတဆင့် ဝက်ခြံတွေဖြစ်လာရတာပါ။

ကဲ….. ကိုယ့်ဆီမှာဖြစ်နေတဲ့ ဝက်ခြံတွေကိုဖြစ်စေတဲ့အကြောင်းအရင်းတွေနဲ့ ဝက်ခြံအမျိုးအစားတွေကို သေချာဆန်းစစ်ကြည့်လိုက်နော်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ စက်တင်ဘာ 24, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 24, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။