backup og meta

မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားကြမယ်

    မျက်နှာပေါ်မှာ ဆဲလ်သေတွေ ရှိနေမယ်ဆိုရင် ဝက်ခြံ၊ တင်းတိပ်၊ အဆီပြန်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ချွေးပေါက်တွေ ပိတ်စေတာကြောင့် အဆီဖုတွေပါ ဖြစ်စေနိုင်တဲ့အပြင် မျက်နှာ ကြည်ကြည်ဖြူဖြူလေး မဖြစ်တော့ဘဲ မည်းညစ်နေတာတွေ ရှိနိုင်ပါတယ်။ ဒါဆိုရင်တော့ မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့ လိုလာပါပြီ။ ဆဲလ်သေတွေ မရှိတဲ့ မျက်နှာလှလှလေး ဖြစ်စေဖို့ အိမ်မှာတင် ပြုလုပ်လို့ရတဲ့ နည်းလမ်းလေးတွေ ပြောပြမယ်နော်။

    သကြားနဲ့ သံလွင်ဆီ

    သကြားနဲ့ သံလွင်ဆီကတော့ ဘယ်လိုအသားအရေမျိုးကိုမဆို ဓာတ်တည့်စေတာမို့ အားလုံးနဲ့ အဆင်ပြေမှာပါ။ သကြားက ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး သံလွင်ဆီကတော့ မျက်နှာအသားအရေလေးကို နူးညံ့စိုပြေစေပါတယ်။ ပထမဆုံး သကြား လက်ဖက်စားဇွန်း (၁) ဇွန်းလောက်ကို သံလွင်ဆီလေး နည်းနည်းနဲ့ ရောပါ။ သံပရာရည်လေး နှစ်စက်လောက် ထည့်လိုက်ပါ။ မျက်နှာတစ်ဝိုက် ပွတ်လိမ်းပေးပါ။ ဖြည်းညင်းစွာ ပြုလုပ်ဖို့ မမေ့ပါနဲ့။ (၂) မိနစ်လောက်ကြာ ပြီးရင်တော့ ရေနွေးလေးနဲ့ သစ်ပါ။ တစ်ပတ်ကို (၂) ကြိမ်လောက်ဆိုရင် တော်တော်လေး သိသာလာမှာပါ။

    လိမ္မော်သီးအခွံနဲ့ဒိန်ချဉ်

    လိမ္မော်သီးစားရင် အခွံလေးတွေ လွှင့်မပစ်ဘဲ နေခြောက်လေး လှန်းထားနော်။ လိမ္မော်သီးအခွံခြောက်ကို အမှုန့်ဖြစ်အောင် လုပ်ပြီး လက်ဖက်စားဇွန်း တစ်ဇွန်းစာလောက် ယူကာ ပန်းကန်ထဲ ထည့်ပါ။ ပြီးရင်တော့ ဒိန်ချဉ် ခပ်များများလေးနဲ့ ရောစပ်လိုက်ပါ။ ခပ်ပျစ်ပျစ် အနှစ်လေးတွေ ရလာပြီဆိုရင်တော့ မျက်နှာတပြင်လုံး လိမ်းထားလိုက်ပါ။ (၁၀) မိနစ်လောက် နေတဲ့အခါ ခြောက်သွားပါလိမ့်မယ်။ မျက်နှာသစ်ပြီးတဲ့အခါ မှန်ထဲ ပြန်ကြည့်လိုက်ပါ။ ကြည်လင်ပြီး အမည်းတွေ မရှိတဲ့မျက်နှာလေးကို မြင်ရမှာပါ။ ဒိန်ချဉ်နဲ့ လိမ္မော်သီးအခွံမှာ ပါတဲ့ ဗီတာမင်စီက မျက်နှာကိုအားပြည့်စေပါတယ်။

    မုန့်ဖုတ်ဆိုဒါနဲ့ ဗီတာမင် E

    မုန့်ဖုတ်ဆိုဒါကလည်း ရှားစောင်းလက်ပပ်နဲ့ ပျားရည်တို့လို အလှဘုရင်မပါပဲ။ အလှအပအတွက် လုပ်ဆောင်တဲ့အခါ မုန့်ဖုတ်ဆိုဒါ မပါလို့ မရဘူးလေနော်။ မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်း တစ်ဇွန်းကို ဗီတာမင် E တစ်လုံးနဲ့ ရောပါ။ အရမ်းပျစ်နေရင် ရေတစက်နှစ်စက်လောက် ထည့်မွှေပါ။ နောက်တော့ မျက်နှာတဝိုက်နဲ့ လည်ပင်းနေရာတွေမှာ လိမ်းထားလိုက်ပါ။ မျက်နှာအသားအရေတင်းပြီး ခြောက်သွားမှ မျက်နှာသစ်ပါ။ ဆဲလ်သေတွေ မရှိတော့ဘဲ အညစ်အကြေးတွေ ပျောက်ကာ မျက်နှာလေး နူးညံ့နေမှာပါ။

    Lip balm

    မျက်နှာပေါ်က အလှတရားတွေထဲမှာ နှုတ်ခမ်းလေး လှနေဖို့လည်း ပါဝင်ပါတယ်နော်။ တချို့ နှုတ်ခမ်းလေးတွေမှာ ဆဲလ်သေတွေ ရှိနေတာကြောင့် မည်းညစ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါတွေကို လျင်လျင်မြန်မြန် ဖယ်နိုင်ရင်တော့ နှုတ်ခမ်းသားရဲရဲလေး ရရှိမှာပါနော်။ နှုတ်ခမ်းပေါ်မှာ နှုတ်ခမ်းအဆီတစ်မျိုး ဖြစ်တဲ့ lip balm လေးကို လိမ်းပြီး သွားတိုက်တံ အမွှေးနုနုလေးနဲ့ တိုက်ပေးပါ။ ဒါဆိုရင်တော့ နှုတ်ခမ်းမှာ ဆဲလ်သေတွေ မရှိတော့ဘဲ နှုတ်ခမ်းမည်းတာတွေ ပျောက်မှာပါ။

    ဆဲလ်သေတွေ မရှိတော့ဘူးဆိုရင်တော့ ဝက်ခြံထွက်ခြင်း၊ အဆီပြန်ခြင်း၊ အသားအရေမကြည်လင်ခြင်း၊ တင်းတိပ်ဖြစ်ခြင်းတွေ ကင်းဝေးပြီပေါ့။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Eaindray Kha မှ ရေးသားသည်။ · 02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement