backup og meta

အိမ်မွေးတိရစ္ဆာန် လေးတွေကို မွေးတဲ့အခါ ဘယ်လိုမျိုးမှန်ကန်အောင်မွေးသင့်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်မွေးတိရစ္ဆာန် လေးတွေကို မွေးတဲ့အခါ ဘယ်လိုမျိုးမှန်ကန်အောင်မွေးသင့်သလဲ

    ခွေး၊ ကြောင် အစရှိတဲ့အိမ်မွေးသတ္တဝါလေးတွေကို မွေးထားခြင်းဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေရနိုင်ပါတယ်။ သူတို့လေးနဲ့ အတူတူလမ်းလျှောက်မယ်၊ အပြင်ထွက်မယ်၊ ဆော့ ကစားမယ်၊ လေ့ကျင့်ခန်းတွေလုပ်မယ်စတဲ့ အကျင့်ကောင်းတွေကြောင့်

  • သင့်ရဲ့သွေးပေါင်ချိန်ကို လျော့ကျစေမယ်၊ သွေးပေါင်ချိန် ထိန်းညှိပြီးသားဖြစ်စေမယ်။
  • ကိုလက်စထရောပမာဏလျော့ကျစေမယ်
  • အထီးကျန်မှုတွေပျောက်ဆုံးမယ်
  • ကိုယ်လက်လှုပ်ရှားမှုအားကစားတွေများများလုပ်လာနိုင်မယ် စတဲ့အကျိုးကျေးဇူးတွေရ နိုင်ပါတယ်။ ဒါပေမဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဟာအန္တရာယ်များလှတဲ့ ပိုးမွှားတွေကို သယ်ဆောင်ထားနိုင်ပါတယ်။ ကျန်းမာမယ်လို့ထင်ရတဲ့အကောင်လေးတွေမှာတောင် ရောဂါပိုးမွှားတွေရှိနိုင်ပါတယ်။ အောက်ဖော်ပြပါ နည်းလမ်းတွေကတော့ သင့်ရဲ့အိမ်မွေး တိရစ္ဆာန်လေးတွေကို မွေးရင်း သင်ရောသင့်မိသားစုပါ အန္တရာယ်ကင်းကင်း ကျန်းကျန်း မာမာနေနိုင်စေမယ့် နည်းလမ်းကောင်းလေးတွေပါ။
  • မှန်ကန် တဲ့အိမ်မွေးတိရစ္ဆာန်တွေကိုရွေးချယ်ပါ။               ။သင်နဲ့သင့်မိသားစုအတွက်သင့်တော်မယ့် အကောင်ကိုပဲရွေးမွေးပါ။ မမွေးခင်မှာအောက်ဖော်ပြပါမေးခွန်းလေးတွေကို ကိုယ့်ကိုယ်ကို ပြန်မေး ဖို့လိုအပ်ပါလိမ့်မယ်။

    • ဒီအိမ်မွေးတိရစ္ဆာန်လေးရဲ့သက်တမ်းကဘယ်လောက်ရှိလဲ
    • သူကိုဘာကျွေးမှာလဲ။ သူဘာအစားအစာတွေစားတတ်လဲ
    • သူ့အတွက်ဘယ်လိုလေ့ကျင့်ခန်းတွေ လိုအပ်သလဲ
    • အရွယ်ရောက်လာတဲ့အခါ ဖြစ်လာမယ့် သူရဲ့ အကြီးဆုံးအရွယ်အစား
    • တိရစ္ဆာန်ဆေးကုခန်းတွေများသွားရခဲ့ရင် ဘယ်လောက်ကုန်ကျနိုင်မလဲ
    • သူ့အတွက်နေ့စဉ် သန့်ရှင်းရေးလုပ်ပေးဖို့ ကိုယ့်မှာအချိန်ရှိရဲ့လား
    • သင့်ရဲ့တိုက်ခန်း၊ နေအိမ် (သို့မဟုတ်) ကွန်ဒိုကရောတိရစ္ဆာန်မွေးခွင့်ပြုထားသလား
    • သင့်အိမ်မှာခုခံအား သိပ်မကောင်းတဲ့ ကလေးငယ်လေးတွေနဲ့သက်ကြီးရွယ်အိုတွေ ရှိလား စသဖြင့်မေးပါ။ (၅)နှစ်အောက်ကလေးတွေနဲ့ (၆၅)နှစ်အထက်လူကြီး တွေ၊ ပြီးတော့ကိုယ်ဝန်ဆောင်သမျိုးသမီးတွေဟာ အိမ်မွေးတိရစ္ဆာန်တွေဆီကပိုးမွှားတွေ ကူးစက်ဖို့ရာခိုင်နှုန်းများပါတယ်။
    • (၅) နှစ်အောက်ကလေးရှိတဲ့ အိမ်မှာ လိပ်၊ အိမ်မြောင်၊ ပုတ်သင်၊ မြွေစတဲ့တွားသွား သတ္တဝါတွေမွေးဖို့မသင့်တော်ပါဘူး။ ဖားတွေလည်းပါပါတယ်။ သူတို့ဟာကလေး တွေအတွက်အန္တရာယ်ရှိတဲ့ပိုးမွှားတွေကို သယ်ဆောင်ထားလို့ပါ။
    • ကိုယ်ခံအားကျနေတဲ့သူတွေ (ဥပမာ၊ တီဘီရောဂါသည်၊ AIDS ရောဂါသည်၊ ကင်ဆာ ရောဂါသည်နဲ့ မကြာမဏ ဖျားနာတတ်သူ) တွေရှိတဲ့ အိမ်မှာတော့ အိမ်မွေးတိရစ္ဆာန် မွေးဖို့ အတိုင်းအထက်အလွန်စဉ်စားသင့်ပါတယ်။
    • ကိုယ်ဝန်ဆောင်မိခင်ရှိတဲ့အိမ်အတွက်တွေ ဟမ်းစတားလိုအကောင်မျိုး လုံးဝမမွေး သင့်ပါဘူး။ ဟမ်းစတားတွေသယ်ဆောင်ထားနိုင်တဲ့ ဗိုင်းရပ်တစ်မျိုးဟာ မွေးဖွားလာ မယ့် ကလေးကို ချိုးယွင်းချက်တစ်ခုခုဖြစ်သွားနိုင်စေပါတယ်။ ကြောင်အသစ်လည်း ထပ်မံခေါ်မမွေးသင့်ပါဘူး။ အထူးသဖြင့် လမ်းဘေးကြောင်တွေပါ။ သူတို့တွေမှာရှိတဲ့ ကပ်ပါးရောဂါတစ်မျိုးဟာ ကိုယ်ဝန်ဆောင်ကိုကူးစက်သွားရင် မွေးလာမယ့်ကလေး ဟာ ကိုယ်လက်အင်္ဂါမစုံလင်တာမျိုး၊ ဉာဏ်ရည်မဖွံ့ဖြိုးတာမျိုးဖြစ်နိုင်လို့ပါ။

    ဒီတော့အိမ်မွေးတိရစ္ဆာန်လေးတွေဆီက ရောဂါတွေမကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ

    လက်ဆေးပါ။ ဘယ်လိုအခြေအနေမျိုးတွေမှာလည်း ဆိုရင်တော့

    • သူတို့လေးတွေကိုထိပြီးကိုင်ပြီးရင်၊ သူတို့နဲ့ကစားပြီးရင်
    • အစာကျွေးပြီးချိန်နဲ့ သူတို့အစာကိုထိပြီးချိန်
    • သူတို့နေအိမ်၊ အရုပ်၊ ခွက်၊ လှောင်အိမ်စတာတွေကို ထိပြီးချိန်
    • သူတို့လေးတွေကိုရေချိုးပေးပြီးချိန်
    • သူတို့ကိုမထိမကိုင်ခဲ့ဘူး ဆိုရင်တောင် သူတို့နေထိုင်ရာကို သွားလာခဲ့ပြီးရင် (ဉပမာ ကြက်ခြံ)
    • သင်ကိုယ်တိုင်အစားမစားခင်၊ ရေမသောက်ခင်၊ အစားအသောက်တွေမပြင်ဆင်ခင်၊ ညစ်ပတ် နေတဲ့အဝတ်အစားတွေ ဖိနပ်တွေကိုချွတ်လိုက်ပြီးချိန်တွေမှာ လက်ကိုမဖြစ်မနေဆေးပါ။

    လက်ဆေးရာမှာ ရေနဲ့ ဆပ်ပြာကိုသုံးတာ အကောင်းဆုံးပါပဲ။ ရေနဲ့ဆပ်ပြာမရှိရင်တော့ လက်သန့်စင် ဆေးရည် (Handgel) ကိုသုံးနိုင်ပါတယ်။ ကလေးတွေကိုလည်း လက်ကိုစနစ်တကျ ဆေးပုံဆေး နည်းကို ပြသထားပေးပါ။

    သင့်အိမ်မွေးတိရစ္ဆာန်လေးကိုလည်းကျန်းမာအောင်ထားပါ။

    သင့်ရဲ့ခွေးလေးဖြစ်စေ၊ ကြောင်၊ ဟမ်းစတားလေးဖြစ်စေ၊ မြင်းလေးဖြစ်စေ ပုံမှန်ကျန်းမာ ရေးစောင့်ရှောက်မှုပြုလုပ်ပေးပါ။ သူတို့အပါအဝင် သူတို့ရဲ့မိသားစုလေးတွေကိုပါ တိရစ္ဆာန်ကု ဆရာဝန်ဆီမှာ ကျန်းမာရေးစောင့်ရှောက်မှုခံယူပေးပါ။ ကောင်းမွန်သင့်တော်တဲ့အစာ၊ ရေသန့်၊ နေရာထိုင်ခင်းသန့်ရှင်းမှုနဲ့ ပုံမှန်လေ့ကျင့်ခန်းလေးတွေကိုပါ သူတို့အတွက်ထောက်ပံ့ပေးပါ။ ကာကွယ်ဆေးထိုးထားပေးဖို့လည်းမမေ့ပါနဲ့နော်။ သန်ချပေးတာမျိုး၊ သန်းနဲ့ကပ်ပါးကောင်တွေ ရှင်းလင်းပေးတာမျိုးလည်းပြုလုပ်ပေးဖို့လိုအပ်ပါလိမ့်မယ်။ သန်းနဲ့ကပ်ပါးကောင်တွေဆီက ရောဂါပိုး တွေဟာ လူတွေဆီကိုလည်းကူးစက်နိုင်လို့ပါ။

    ခွေးလေးတွေ၊ ကြောင်လေးတွေရဲ့ အညစ်အကြေး တွေကိုလည်း စနစ်တကျစွန့်ပစ်ပေးပါ။ ခွေးလေးရဲ့ အညစ်အကြေးတွေကိုလမ်းမှာ ထိန်းကျောင်း ရင်းအလွယ်တကူမစွန့်ပစ်မိပါစေနဲ့။ အိတ်လေးထဲကို စနစ်တကျစွန့်ပစ်တတ်အောင်အလေ့ အ ကျင့်လုပ်ပေးပါ။ ကြောင်လေးတွေဆိုရင်လည်း စက္ကူသေတ္တာလိုမျိုးထဲကို စနစ်တကျစွန့်ပစ် တတ်အောင်လေ့ကျင့်ပေးပါ။ စက္ကူသေတ္တာလဲလှယ်ဆေးကြောတဲ့အလုပ်ကိုတော့ ကိုယ်ဝန် ဆောင်အမျိုးသမီးတွေကိုမလုပ်ခိုင်းပါနဲ့နော်။ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ အညစ်အကြေးတွေ ဟာ ပြန့်ကြဲနေမယ်ဆိုရင် ကလေးတွေ မတော်တဆဆော့ကစားရင်း ထိမိခိုက်မိတဲ့အခါ သူတို့လေး တွေရဲ့လက်ကတစ်ဆင့် ဝမ်းဗိုက်ထဲရောက်သွားပြီး တုတ်ကောင်၊သံကောင်ရောဂါတွေဖြစ်လာ နိုင်စေမှာပါ။

    အိမ်မွေးတိရစ္ဆာန်ရှိခြင်းဟာ ကလေးတစ်ယောက်ရဲ့သနားစိတ်၊ဂရုဏာ၊ မေတ္တာ၊ တာဝန်ယူ စိတ်စတဲ့ စိတ်ပိုင်းဆိုင်ရာတွေကို မွေးမြူးပေးနိုင်ပါတယ်။ ဒါပေမယ့် ကလေးတွေရဲ့ကျန်းမာရေး အတွက်လည်း စဉ်းစားသင့်ပါတယ်။ အထူးသဖြင့် (၅)နှစ်အောက်ကလေးတွေအတွက်ပါ၊ အိမ်မွေး တိရစ္ဆာန်လေးတွေကို ချစ်လွန်းလို့မနမ်းရှုတ်ပါစေနဲ့။ တိရစ္တာန်တွေကိုကိုင်ပြီးတိုင်း၊ သူတို့ရဲ့ ပန်းကန်၊ လှောင်အိမ်၊ ကစားစရာစတဲ့ အသုံးအဆောင်လေးတွေကို ကိုင်ပြီးတိုင်း လက်ဆေးတတ်တဲ့ အကျင့်လုပ်ပေးပါ။ ခြံနဲ့ သက်သက်ထားတဲ့ တိရစ္ဆာန်လေးတွေကိုတော့ ကလေးတွေနဲ့ အတတ် နိုင်ဆုံးမထိတွေ့ပါစေနဲ့။ မယဉ်ပါးနိုင်တဲ့ တိရစ္ဆာန်တွေကိုမမွေးပါနဲ့။       ။ဥပမာ ဝက်ဝံ၊ မြွေအစရှိ တဲ့သတ္တဝါတွေပါ။ သနားလွန်းရင်တောင် မမွေးမြူသင့်ပါဘူး။ သင့်အတွက်အန္တရာယ်ကြီးလို့ပါ။ တွေ့ရှိရင်လည်း တာဝန်ရှိတဲ့ဌာနကိုသာအပ်နှံလိုက်ပါ။

    အထက်ဖော်ပြပါနည်းလမ်းတွေနဲ့ သင်ချစ်တဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကို ကျန်းကျန်း မာမာနဲ့မွေးမြူးနိုင်ပါတယ်။ သင့်နဲ့သင့်မိသားစုအတွက်လည်း ဘေးကင်းစေမှာပါ။ သင့်ရဲ့ ခွေး လေး၊ ကြောင်လေးတွေနေမကောင်းဖြစ်နေတယ်၊ တစ်စုံတစ်ရာထူးဆန်းနေတယ်လို့ထင်ရင်တော့ တိရစ္ဆာန်ကုဆရာဝန်နဲ့ သွားရောက်တိုင်ပင်ဆွေးနွေးဖို့မမေ့ပါနဲ့နော်။

    ရေးသားသူ – ဒေါက်တာမှူး

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement