backup og meta

အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားရင် ကျန်းမာရေးအတွက် ဘယ်လိုဂရုစိုက်ရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 03/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားရင် ကျန်းမာရေးအတွက် ဘယ်လိုဂရုစိုက်ရမလဲ

    အိမ်မှာ ခွေးလေး၊ ကြောင်လေးတွေ ဖြစ်တဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားရင် တာဝန်တော့ကြီးပါတယ်။ ကျွေးရမွေးရ၊ စောင့်ရှောက်ရတာ အလုပ်တော့များပေမယ့် ချစ်စရာအမောပြေလေးတွေဖြစ်လို့ စိတ်ဖိစီးမှုတွေ ပြေစေပြီး စိတ်ပျော်လန်းဆန်းစေနိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်ခင်ဂရုစိုက်ပေး၊ သန့်ရှင်းပေး၊ အစာကျွေးပေးပြီး ပျော်ရွှင်တဲ့ဘဝလေး ဖန်တီးပေးရင်း ကိုယ်လည်းစိတ်ချမ်းသာရပါတယ်။

    ဒါပေမယ့် ဘယ်လောက်ပဲချစ်ပါစေ ကျန်းမာရေးအတွက်တော့ ဂရုစိုက်ရပါမယ်။ ကျန်းမာရေးအသိမရှိဘဲ၊ စနစ်တကျမဟုတ်ဘဲ တိရစ္ဆာန်မွေးမြူထားခဲ့ရင် ကိုယ့်အိမ်မှာပဲ ရောဂါပိုးတွေ မွေးမြူနေသလို ဖြစ်နေပါလိမ့်မယ်။ စနစ်တကျလုပ်စရာရှိတာမလုပ်ဘဲ အစာလေးကျွေးထား၊ မွေးရုံမွေးထားရင်တော့ ကိုယ့်မိသားစုမှာရောဂါတစ်ခုခုဖြစ်တိုင်း၊ မကျန်းမာတိုင်း အိမ်မွေးတိရစ္ဆာန်လေးတွေကို တရားခံဖြစ်အောင် ဖန်တီးသလိုဖြစ်နေနိုင်ပါသေးတယ်။

    ဥပမာ – “နင်ခဏခဏဖျားနေတာ ခွေးတွေ၊ ကြောင်တွေနဲ့ နီးနီးကပ်ကပ်မနေနဲ့လေ။ ပိုးတွေဘာတွေနဲ့။ သူတို့ကြောင့်ပဲနေမှာ” ဆိုပြီး ဘေးလူတွေက ပြောလာပါလိမ့်မယ်။ ကလေးငယ်ငယ်ရှိတဲ့အိမ်ဆိုရင် ပိုဂရုစိုက်သင့်ပါတယ်။

    အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားရင် ကျန်းမာရေးအတွက် ဘယ်လိုဂရုစိုက်မလဲ

  • ခွေးလေး၊ ကြောင်လေးတွေနဲ့ ကစားပြီးရင်၊ ကိုင်တွယ်ပြီးရင် လက်ဆေးပါ။ လက်ချောင်းတွေမှာ ရောဂါပိုးမွှားတွေ ကပ်ငြိနေနိုင်တာကြောင့် အစာမစားခင်မှာ မမေ့ဖို့ ပိုဂရုစိုက်ပါ။
  • ခွေးလေးတွေက သင့်မျက်နှာ သို့မဟုတ် ကလေးရဲ့ မျက်နှာကို လျှာနဲ့ အလျက်မခံပါနဲ့။ လူကို လျက်ပြီး မနှုတ်ဆက်ခင် ဘယ်အရာတွေကို လျက်ခဲ့သေးလဲ ကိုယ်မသိနိုင်ဘူးလေ။ မျက်နှာကို လျက်လိုက်တယ်ဆိုလည်း သိပ်တော့စိုးရိမ်မနေပါနဲ့။ ရောဂါပိုးတွေ သန့်စင်သွားအောင် ဆပ်ပြာနဲ့ သေချာဆေးကြော မျက်နှာသစ်လိုက်ပါ။ ပြန်သန့်ရှင်းဖို့က အဓိကပါ။
  • တိရစ္ဆာန်တွေမှာ သန်ကောင်တွေနဲ့ သန်းတွေရှိတတ်ပါတယ်။ ဒါ့ကြောင့် ဒါတွေကင်းရှင်းပြီး ကျန်းမာအောင် ထားရမှာပါ။ ပုံမှန် သန်ချပေးပါ၊ သန်းဆေးသုံးပါ။ ကြောင်သန်း၊ ခွေးသန်းတွေက လူကို ကိုက်တတ်သလို ကလေးငယ်တွေဆို အနာပါဖြစ်စေတတ်ပါတယ်။
  • ယားနာနဲ့ အရေပြားရောဂါတချို့က ခွေးတွေ၊ ကြောင်တွေကတဆင့် လူဆီ ကူးစက်တတ်ပါတယ်။ တိရစ္ဆာန်မှာ အနာလေးတွေရှိနေရင် သေချာပိုးသတ် ကုသပေးပါ။ ထိတွေ့ပြီးရင် ကိုယ့်လက်ကို ဆေးကြောသန့်စင်ပါ။
  • တချို့လူတွေက တိရစ္ဆာန်အမွေးနဲ့ ထိတွေ့ရင် ဓာတ်မတည့်ဖြစ်တတ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်နဲ့ နီးနီးကပ်ကပ်နေရင် ဝတ်မှုန်အဖျားရောဂါလို၊ ပန်းနာရင်ကျပ်လိုတွေ ဖြစ်လာနိုင်ပါတယ်။ အမွေးမကျွတ်အောင် တိကုဆရာဝန်နဲ့တိုင်ပင်ပြီး အားဆေးတိုက်သင့်တိုက်ပါ။ အမွေးတွေ၊ အမှုန်တွေ ကင်းရှင်းအောင် အိမ်မှာ မကြာမကြာသန့်ရှင်းရေးလုပ်ပါ။
  • ခွေး၊ ကြောင်တွေ အညစ်အကြေးစွန့်သွားတဲ့၊ အန်သွားတဲ့နေရာတွေကို သန့်စင်ပိုးသတ်ပါ။
  • အိမ်မွေးတိစ္ဆာန်လေးတွေ နေမကောင်းဖြစ်ရင် ဆေးခန်းပြပါ။ သူတို့ဘာဖြစ်နေလဲ၊ ဘယ်လိုလုပ်ပေးရင် ကောင်းမလဲဆိုတာ ဆရာဝန်ကပဲ သိနိုင်သလို သူတို့မှာဖြစ်တဲ့ ရောဂါက လူတွေကို ကူးနိုင်၊ မကူးနိုင် ပြောပြပေးပါလိမ့်မယ်။
  • ဘာကောင်လေးပဲမွေးထားထား တိကုဆရာဝန်ဆီမှာ လိုအပ်တဲ့ကာကွယ်ဆေးတွေ ပုံမှန်ထိုးသင့်ပါတယ်။ ပုံမှန်သန်ချပေး၊ ကျန်းမာရေးစစ်ဆေးပေးမှ ကျန်းမာမှာပါ။
  • လက်သည်းနဲ့ ကုတ်ခံရတာ၊ အကိုက်ခံရတာတွေ ရှိရင် ဒဏ်ရာသေးသေးကြီးကြီး ရေနဲ့ ဆပ်ပြာသုံးပြီး အမြန်ဆုံးဆေးကြောပစ်ပါ။ ဒဏ်ရာက သွေးထွက်နေရင်၊ ဒဏ်ရာနက်ရင် ဆေးခန်းအမြန်ပြပါ။ ကာကွယ်ဆေးထိုးသင့်ထိုးရပါမယ်။
  • ကလေးငယ်ရှိရင် ဘယ်လိုဂရုစိုက်ရမလဲ

    ကလေးနဲ့ ခွေး၊ ကလေးနဲ့ ညောင်ဆိုတာ အတူဆော့တတ်ကြတဲ့ အဖော်တွေပါ။ ခွေးလေး၊ ကြောင်လေးတွေကို ကလေးတွေက အရမ်းစိတ်ဝင်စားကြပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေက မိသားစုအတွက် ပျော်ရွှင်စရာဖန်တီးပေးရုံတင်မက ကလေးငယ်တွေကိုလည်း ထိန်းပေးတယ်။ အဖော်လုပ်ပေးတယ်။ သခင်ရဲ့သားသမီးတွေကို အသက်ပေးကာကွယ်တဲ့အထိ အကျိုးပြုကြပါတယ်။ ဒါပေမယ့် သိပ်ကိုယဉ်ပါးပြီး အဖော်ရတဲ့ အိမ်မွေးတိရစ္ဆာန်တွေတောင်မှ ဂရုစိုက်ရမယ့်အချက်တွေရှိပါတယ်။ ဒါမှ အားလုံးရဲ့ ကျန်းမာရေးဘေးကင်းစိတ်ချရမှာ ဖြစ်ပါတယ်

    • ခွေးနဲ့ ကြောင်ကို အိမ်အပြင်လွှတ်မထားဘဲ အိမ်ကပ်အောင်၊ လိမ်လိမ်မာမာနေအောင် ကျင့်ထားပေးသင့်ပါတယ်။ အိမ်မလည်မှ သန်းတွေ၊ ရောဂါပိုးတွေ တခြားတိရစ္ဆာန်တွေဆီက ကူးစက်မလာနိုင်မှာပါ။
    • ကလေးကို ကြောင်မချီခိုင်းပါနဲ့။ အတင်းညှစ်ပြီး ချီမိရင် လက်သည်းနဲ့ မတော်တဆဖြစ်ဖြစ်၊ စိတ်တိုပြီး ကုတ်လိုက်တာဖြစ်ဖြစ် ကလေးကို အနာတရဖြစ်စေနိုင်ပါတယ်။ ကြောင်လေးကို မေးလေးပွတ်ပေးတာ၊ ခေါင်းနဲ့ ကျောလေး ပွတ်ပေးတာလောက်ပဲ လက်ပွန်းတတီးပေးနေလိုက်ပါ။
    • ဘယ်အိမ်မွေးတိရစ္ဆာန်ကိုဖြစ်ဖြစ် ကိုင်တွယ်ပြီးရင် ကလေးကို လက်ဆေးပေးပါ။
    • ကလေးကို ကြောင်ကုတ်မိရင်၊ အဲဒီအရေပြားတဝိုက်ကို အရင်ဆုံး ဆေးကြောသန့်စင်ပါ။ ဆရာဝန်ပြပါ။
    • ကလေးကို အိမ်မွေးတိရစ္ဆာန်နဲ့ တစ်ယောက်တည်းမထားခဲ့ပါနဲ့။ (ရုပ်ရှင်ဗီဒီယိုတွေထဲကလို လိုက်မလုပ်ပါနဲ့။ ဗီဒီယိုထဲမှာက ရိုက်ကူးသူ သခင်ကဘေးမှာရှိနေလို့ပါ)
    • ကလေးရဲ့မျက်နှာကို သို့မဟုတ် အနာတစ်ခုခုပေါ် လျှာနဲ့မလျက်စေပါနဲ့။

    ကိုယ်ဝန်ဆောင်ဖြစ်ခဲ့ရင်

    ကြောင်တွေဆီကနေ ကပ်ပါးပိုးကြောင့်ဖြစ်ရတဲ့ toxoplasmosis ဆိုတဲ့ ရောဂါ ကူးစက်ခံရနိုင်လို့ ကိုယ်ဝန်ရှိနေချိန်မှာ အိမ်မွေးတိရစ္ဆာန်တွေနဲ့ အရမ်းနီးကပ်အောင်မနေပါနဲ့။ Toxoplasmosisကြောင့် ကိုယ်ဝန်ပျက်ကျခြင်း ဒါမှမဟုတ် ကလေးမှာ မွေးရာပါချို့ယွင်းချက်ပါလာခြင်းတို့ ဖြစ်နိုင်ခြေပိုများစေပါတယ်။ ဒါ့ကြောင့်

    • ကြောင်က ကြွက်ခုတ်လာခဲ့ရင် သေချာရှင်းလင်းဖယ်ရှားပါ။ ဒီရောဂါပိုးကို အသားစိမ်းတွေက ရလာနိုင်တာမို့ အိမ်ကကြောင်ကို အသားအစိမ်းမစားခိုင်းတာ ပိုကောင်းပါတယ်။
    • ကြောင်ချေးမှာ ဒီရောဂါပိုးပါလာတတ်လို့ ကိုယ်ဝန်ဆောင်များ ကြောင်ချေးမကိုင်ပါနဲ့။ သန့်ရှင်းရေးလုပ်ဖို့ လိုအပ်တယ်ဆို လက်အိတ်သေချာစွပ်၊ လက်သေချာဆေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 03/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement