backup og meta

ကလေးများတွင် ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း


Dr. Thant Zin မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများတွင် ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း
  • ဦးခေါင်းဒဏ်ရာဆိုတာဘာလဲ

  • ကလေးတိုင်းဟာ ဦးခေါင်းမှာ ဒဏ်ဖြစ်တတ်ပါတယ်။ လမ်းလျှောက်သင်ခါစအရွယ်မှာ ချော်လဲပြီး ဖြစ်တတ်ကြပါတယ်။

    ဦးခေါင်းဒဏ်ရာ အများစုကတော့ ဦးရေပြားမှာတင် ဖြစ်တတ်ပါတယ်။ ဒဏ်ရာသေးပေမယ့် အဖုထလာတတ်တာကတော့ ဦးရေပြားမှာ သွေးကြောလေးတွေ များစွာရှိနေလို့ ဖြစ်ပါတယ်။ ဒါကြောင့် နည်းနည်းရှမိတာတောင် သွေးများများ ထွက်တတ်ပါတယ်။ သွေးခြေဥဒဏ်ရာ အများစုကတော့ နဖူးမှာရတတ်ပါတယ်။ တခါတရံ ဒဏ်ရာရပြီး ၃ရက်လောက်ကြာမှ မျက်ကွင်းညိုလာတတ်ပါတယ်။ ဒါဟာ သွေးခြေဥတဲ့သွေးတွေဟာ အောင်ဘက်ကို ရွေ့လာလို့ ဖြစ်ပါတယ်။ ၁ကနေ ၂% ခန့်သာ ဦးခွံရိုးကျိုးတာ ဖြစ်နိုင်ပါတယ်။ ရိုးရိုး ဦးခွံရိုးကျိုးခြင်းဟာ နောက်ဆက်တွဲပြသနာတွေကို မြင့်တက်စေခြင်း၊ ကုသမှုကို ပြောင်းလဲတတ်စေခြင်း မရှိတာကြောင့် ဦးခေါင်းဓါတ်မှန်ကို ရိုက်လေ့ရိုက်ထ သိပ်မရှိပါဘူး။ ထိခိုက်မိတဲ့ နေရာမှာ ခေါင်းကိုက်တာကလွဲလို့ တခြားလက္ခဏာ သိပ်မရှိတတ်ပါဘူး။ ဦးခေါင်းထိခိုက်မိပြီး သတိလစ်သွားတဲ့ကလေးတွေကို ဆရာဝန်နဲ့ပြသဖို့ လိုပါတယ်။ ဒါပေမယ့် ဒီအခြေအနေဟာ သိပ်တော့ မတွေ့ရပါဘူး။ ခဏတာမေ့မျောသွားတာ မရှိရင်၊ စိတ်ရှုပ်ထွေးခြင်း၊ အတိတ်မေ့ခြင်း မရှိရင် ကလေးဟာ ထိခိုက်မှုကြောင့် သတိလစ်ခြင်း မရှိခဲ့နိုင်ပါဘူး။

    • ဦးခေါင်းထိခိုက်မိခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ

    လက္ခဏာများ

  • ဦးခေါင်းကို ထိခိုက်မိသည့် ရာဇဝင်ရှိခြင်း
  • ဦးရေပြားတွင် ဒဏ်ရာရှိခြင်း (ပြတ်ရှခြင်း၊ ပွန်းခြစ်ခြင်း၊ သွေးခြေဥခြင်း၊ ဖူးရောင်ခြင်း)
  • ငိုယို၍ ခေါင်းကိုကိုင်ထားခြင်း
  • ၁။ ဆောင်ရွက်ဖွယ်ရာများ

    • ဘာလုပ်သင့်လဲ

    ဦခေါင်းဒဏ်ရာအတွက် အိမ်တွင်းကုထုံးများ

    ဒဏ်ရာကိုကုသခြင်း။ ပွန်းခြစ်ဒဏ်ရာဆိုရင် ရေနဲ့ဆပ်ပြာနဲ့ ဆေးပါ။ ပိုးသတ်ထားတဲ့ ပတ်တီးစ (သို့) အဝတ်သန့်သန့်နဲ့ သွေးတိတ်အောင် ၁၀မိနစ်ခန့် ဖိထားပါ။ ရောင်နေရင် ရေခဲနဲ့ မိနစ်၂၀လောက် ကပ်ထားပေးပါ။ ဖူးရောင်ခြင်းဟာ ၃-၄ရက်အတွင်း ကျသွားရင်တောင် သွေးခြေဥခြင်းဟာ ၂ပတ်ကနေ ၄ပတ်ထိ ကြာနေနိုင်ပါတယ်။

    အနားယူခြင်း

    သင့်ကလေးကို လဲလျောင်းပြီး လက္ခဏာတွေ လျော့သွားတဲ့ထိ အနည်းဆုံး ၂နာရီလောက် အနားယူပါစေ။ သင့်လေး အိပ်ချင်ရင် အိပ်ခိုင်းလိုက်ပါ။ အနားမှာ စောင့်နေပြီး သူ့အချိန်နဲ့အတူ အခြေအနေကို စစ်ဆေးကြည့်ပါ။ အကိုက်အခဲပျောက်ဆေးတွေ မပေးပါနဲ့။

    စားသောက်မှုပုံစံ

    သင့်ကလေး ပျို့အန်ခြင်း မရှိဘဲ ၂နာရီလောက် နေနိုင်တဲ့အထိ အရည်ကြည်ကြည်ပဲ တိုက်ကျွေးပါ။ ပျို့အန်ခြင်းဟာ ဦးခေါင်းဒဏ်ရာရပြီးချိန်မှာ တွေ့ရတတ်ပါတယ်။ စားပြီးသား အစာတွေကိုတော့ အန်ထုတ်ခိုင်းစရာ မလိုပါဘူး။

    အကိုက်အခဲပျောက်ဆေးတွေ ရှောင်ပါ

    Acetaminophen၊ Ibuprofen စတဲ့ ဆေးတွေ မတိုက်ပါနဲ့။ ဒဏ်ရာရပြီးနောက် သင့်ကလေးရဲ့ တုံ့ပြန်ချက်တွေကို အနီးကပ် စောင့်ကြည့်လိုတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ သင့်ကလေးက ဆေးသောက်ရလောက်တဲ့ အခြေအနေဆိုရင်လည်း ဆရာဝန်နဲ့ပဲ ပြသပါ။

    သတိပြုရန် အချက်များ

    သင့်ကလေး အခြေအနေကောင်းနေပေမယ့် နောက်ဆက်တွဲပြသနာတွေကို လွတ်မသွားရအောင် ၄၈နာရီလောက် စောင့်ကြည့်ပါ။ အနီးကပ် စောင့်ကြည့်မှုဟာ ဒဏ်ရာရပြီး ၈နာရီအတွင်း အရေးအကြီးဆုံး ဖြစ်ပါတယ်။ ၄၈နာရီကျော်ပြီးရင်တော့ သင့်ကလေးဟာ ပုံမှန်အခြေအနေကို ပြန်ရောက်ပြီလို့ ယူဆနိုင်ပါတယ်။

    ညအချိန်တွင် နှိုးကြည့်ခြင်း

    ညပိုင်းမှာ သင့်ကလေးကို ၂ကြိမ် နှိုးကြည့်ပါ။ ၁ကြိမ်ကတော့ သင် အိပ်ရာဝင်တဲ့အချိန်မှာဖြစ်ပြီး နောင်တကြိမ်ကတော့ ၄နာရီလောက် ကြာပြီးချိန်မှာ ဖြစ်ပါတယ်။ နာရီတိုင်း နှိုးကြည့်နေဖို့တော့ မလိုအပ်ပါဘူး။ ကလေးအနေနဲ့ ပုံမှန် လမ်းလျှောက်ခြင်း စကားပြောခြင်း ရှိမရှိ သိရသည့်တိုင်အောင် နှိုးကြည့်ပါ။

    ကလေးနဲ့တခန်းတည်းမှာအိပ်ပြီး ၂ညလောက် လေ့လာကြည့်ပါ။ အသက်ရှူပုံ၊ အိပ်စက်ပုံဟာ ပုံမှန်မဟုတ်ရင် ကိုမာမေ့မျော့ခြင်း ဟုတ်မဟုတ် သေချာအောင် နှိုးကြည့်ပါ။ နှိုးကြည့်လို့မရရင် ဆရာဝန်ကို ချက်ချင်းခေါ်ပြပါ။ ၂ညလွန်ရင်တော့ ပုံမှန် အခြေအနေ ပြန်ရောက်ပါပြီ။

    သူငယ်အိမ်ကို စစ်ဆေးပါ

    သိပ်တော့ မလိုအပ်ပါဘူး။ ဆရာဝန်တချို့ဟာ သင့်ကလေးရဲ့ သူငယ်အိမ်နှစ်ခုဟာ တူညီချင်းရှိမရှိ၊ အလင်းရောင် ထိုးကြည့်ရင် သေးငယ်သွားခြင်း ရှိမရှိ သင့်ကို စစ်ဆေးခိုင်းပါလိမ့်မယ်။ သူငယ်အိမ် ကျဉ်းခြင်းဟာ အာရုံရှုပ်ထွေးခြင်း၊ လမ်းလျှောက်ရခက်ခြင်း စတဲ့ အခြေအနေတွေပါ မရှိသေးရင်တော့ မတွေ့ရတတ်ပါဘူး။ ဒါ့အပြင် ဒီစစ်ဆေးမှုဟာ ပြောတဲ့အတိုင်း လိုက်မလုပ်တတ်တဲ့ ကလေးတွေ၊ မျက်သားနက်တဲ့ ကလေးတွေမှာ စမ်းသပ်ဖို့ ခက်ပါတယ်။ ယေဘုယျအားဖြင့် သူငယ်အိမ်စစ်ဆေးခြင်းဟာ ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာ ရရှိပြီး ဆေးရုံတက်နေရချိန်မှာပဲ လိုအပ်ပါတယ်။

    ၂။ ဘယ်အချိန်မှာ ဆေးကုသမှုခံယူဖို့ လိုမလဲ

    အောက်ပါအခြေအနေတွေမှာ အရေးပေါ်ဖုန်းနံပါတ်ကို ချက်ချင်းခေါ်ပါ။

    • သင့်ကလေး တက်နေတဲ့အခါ
    • ထိခိုက်မှုဖြစ်ပြီးနောက် သတိလစ်နေတဲ့အခါ၊ အာရုံရှုပ်ထွေးနေတဲ့အခါ
    • ပုံမှန်မဟုတ်ဘဲ အိပ်ငိုက်နေပြီး နှိုးဖို့ ခက်နေတဲ့အခါ
    • စကားများ ဗလုံးဗထွေး ပြောလာတဲ့အခါ
    • လမ်းလျှောက်ပုံ မူမမှန်တဲ့အခါ
    • လက်များ အားလျော့လာတဲ့အခါ
    • လည်ပင်းနာနေတဲ့အခါ

    အောက်ပါ အခြေအနေတွေမှာ ကလေးဆရာဝန် ခေါ်ပြပါ။

    • အရေပြားပြဲနေပြီး ချုပ်ဖို့လိုအပ်တဲ့အခါ
    • အားပြင်းတဲ့ မတော်တဆမှုနဲ့ ကြုံလိုက်တဲ့အခါ
    • အသက် ၁နှစ်အောက် ဖြစ်နေသောအခါ
    • ထိခိုက်မှုဖြစ်ပြီး ၁၀မိနစ်ကျော် ကြာတဲ့အထိ အငိုမတိတ်တဲ့အခါ
    • သင့်ကလေးဟာ ဘာဖြစ်သွားတယ်ဆိုတာ မမှတ်မိတဲ့အခါ
    • အလွန်ပြင်းထန်တဲ့ ခေါင်းကိုက်ခြင်း ဖြစ်နေသောအခါ (ငိုယိုပြီး ဂနာမငြိမ် ဖြစ်နေတတ်ပါတယ်)
    • ၂ကြိမ်နဲ့ အထက် ပျို့အန်ခြင်း ဖြစ်သောအခါ
    • အမြင်အာရုံ ဝါးလာတဲ့အခါ၊ ပုံရိပ် ၂ထပ် ဖြစ်တဲ့အခါ
    • နှာခေါင်းမှ နားမှ သွေးနဲ့ အရည်များ ထွက်လာတဲ့အခါ
    • မျက်လုံးအနေအထား ပုံမှန်မဟုတ်တဲ့အခါ
    • သင့်ကလေးဟာ ဆရာဝန်ပြသဖို့ လိုနေပြီလို့ ထင်တဲ့အခါ

    ကလေးဆရာဝန်ကို အောက်ပါအခြေအနေတွေမှာ နောက်မှခေါ်ပါ

    • ခေါင်းကိုက်ခြင်း ပြင်းထန်လာတဲ့အခါ
    • ၂ကြိမ်နဲ့အထက် အန်နေတဲ့အခါ
    • သင့်ကလေး ပိုဆိုးလာတယ်လို့ ထင်တဲ့အခါ

    ၃။ ကာကွယ်ခြင်း

    • ဘယ်လိုရှောင်ကြဉ်သင့်လဲ

    ဦးခေါင်းထိခိုက်မိခြင်းကို ကာကွယ်ခြင်း

    • ကားမောင်းနေစဉ်မှာ သင့်ကလေးကို လုံခြုံတဲ့ခုံမှာ ထားပါ။
    • လမ်းလျှောက်နေစဉ် မတော်တဆမှု မဖြစ်ရအောင် ကားလမ်းဖြတ်ကူးချိန်မှာ ဘေးဘယ်ညာကြည့်ဖို့ သင့်ကလေးကို သင်ထားပေးပါ။ မျဉ်းကြားကပဲ ကူးဖို့၊ လမ်းကို ဖြတ်မပြေးဖို့ သင်ထားပါ။ ကလေးအများစုဟာ အသက် ၇နှစ် ၈နှစ်အထိ လမ်းကို တယောက်တည်း ဖြတ်ကူးဖို့ စိတ်မချရပါဘူး။
    • ကလေးငယ်တွေကို အသက်ဘယ်လောက်ပဲဖြစ်ဖြစ် အိပ်ရာ၊ ဆိုဖာ၊ စားပွဲ စတဲ့မြင့်တဲ့ နေရာတွေမှာ တယောက်တည်း မထားခဲ့ပါနဲ့။ သင့်ကလေးဟာ မမျှော်လင့်ဘဲ လှိမ့်လိုက်ပြီး ပြုတ်ကျတဲ့အခါ ခေါင်းကို ထိခိုက်နိုင်ပါတယ်။
    • ပုခက်တွေ အိပ်ရာတွေမှာလည်း လက်တန်းအထိန်းတွေ ထည့်ထားပါ။ လက်တန်းကိုဆွဲပြီး မတ်တပ်ရပ်နေပြီဆိုရင် မွေ့ယာကိုနှိမ့်ထားပါ။
    • ၂ထပ်အိပ်စင်တွေ မဝယ်ပါနဲ့။ သုံးနေတယ်ဆိုရင်လည်း အသက် ၆နှစ်အောက် ကလေးတွေကို အပေါ်ထပ်မှာ မထားပါနဲ့။ ဘေးမှာ အထိန်းတပ်ပေးပါ။ ဘေးက အထိန်းတွေ ခိုင်ခန့်ပြီး မွေ့ယာတွေ လျှောမကျအောင် လုပ်ထားပါ။ သင့်ကလေးကို မွေ့ယာပေါ်မှာ မခုန်ပါစေနဲ့။
    • ကလေးလမ်းလျှောက်တဲ့ လှည်းမသုံးပါနဲ့။ အရှိန်မထိန်းနိုင်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါကို အသုံးပြုတဲ့ကလေးတွေရဲ့ ၃၅%ဟာ မတော်တဆဖြစ်မှုတွေ ကြုံရပါတယ်။
    • ဈေးဝယ်တဲ့တွန်းလှည်းထဲ ထည့်မထားပါနဲ့။
    • လှေကားတွေရဲ့ထိပ်မှာ တံခါးကို ခိုင်ခိုင်လုပ်ထားပါ။ လှေကားပေါ်မှာ ပစ္စည်းတွေ ကျဲပြန့်မနေအောင် ရှင်းလင်းထားပါ။ သင့်ကလေးဟာ လှေကားတက်ခါစ အရွယ်ဆိုရင် လက်တန်းတွေကို ကိုင်ဆင်းတတ်အောင် သင်ထားပါ။
    • အောက်ထပ်၊ အပြင် စတာတွေရဲ့ တံခါးမတွေကို ကလေးမမီနိုင်တဲ့ နေရာမှာ ချက်တွေတပ်ထားပါ။
    • အပေါ်ထပ်တိုက်ခန်းတွေမှာ နေမယ်ဆိုရင် ပြတင်းပေါက်တွေကို အကာအရံတွေ လုပ်ထားပါ။
    • ကလေးငယ်ကို စိတ်တိုတတ်တဲ့ အကိုအမတွေနဲ့ မလွှတ်ထားပါနဲ့။
    • ခြံထဲမှာ ဆင်းဆော့နိုင်တယ်လို့ စိတ်ချရတဲ့ အသက် ၄နှစ် ၅နှစ်လောက် အရွယ်ရောက်တဲ့ထိ အမြဲစောင့်ကြည့်နေပါ။ ၃နှစ်လောက်အရွယ်ကို လမ်းတွေနား မသွားနိုင်ဘူးလို့ စိတ်ချလက်ချ လွှတ်မထားပါနဲ့။
    • အသက် ၇နှစ် ၈နှစ်လောက် အရွယ်ထိ လမ်းထဲမှာ စက်ဘီးထွက်စီးဖို့ လွှတ်မထားပါနဲ့။
    • သင့်ကလေးတွေကို စက်ဘီးစီးဦးထုပ် မပါဘဲ စက်ဘီးမစီးပါစေနဲ့။ မော်တော်ဆိုင်ကယ်နဲ့ ဆိုရင် ဦးထုတ်ပါရင်တောင် စိတ်မချရပါဘူး။
    • စပရိန်ခင်းတွေနဲ့ ခုန်ဆာ့ရတဲ့ ကစားစရာတွေကို ခွင့်မပြုပါနဲ့။ အနီးကပ်စောင့်ကြည့်နေရင်တောင် ကျောရိုးထိခိုက်ခြင်းလို ပြင်းထန်တဲ့ မတော်တဆမှုတွေ ဖြစ်တတ်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement