backup og meta

Umbilical Hernia Repair For Children (ကလေး ချက်ကနေအူကျွံခြင်း ပြုပြင်ကုသမှု)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချက်ကနေ အူကျွံတယ်ဆိုတာဘာလဲ။

    ချက်အနောက်ဖက် ကပ်ရပ်မှာရှိတဲ့ ဝမ်းဗိုက်ကြွက်သားအလွှာတွေ အားနည်းတာကြောင့် ချက်ကနေအူကျွံတာ ဖြစ်လာနိုင်ပါတယ်။ မိခင်ဗိုက်ထဲရှိနေစဉ်ကာလမှာ ကလေးအားလုံးရဲ့ ချက်ထဲကနေအူတွေအပြင်ကိုကျွံထွက်နေပါတယ်။ ဒါဟာသဘာဝပါ။ မိခင်ဗိုက်ထဲကနေအပြင်ကိုထွက်မလာခင်မှာ အူကျွံတဲ့အပေါက်ပိတ်သွားရမှာဖြစ်ပေမယ့် နေ့စေ့လစေ့အချိန်ရောက်တဲ့အထိ ကလေးငါးယောက်မှာ တစ်ယောက်လောက်ဟာ ဆက်ပြီးအူကျွံနေနိုင်ပါတယ်။

    တကယ်လို့သင့်ကလေးမှာအူကျွံနေတယ်ဆိုရင် ဝမ်းဗိုက်မှာဖောင်းနေတာကို မြင်ရမှာ ဖြစ်ပါတယ်(အထူးသဖြင့်ငိုနေတဲ့အချိန်မျိုးမှာပေါ့)။ ကျွံထွက်နေတဲ့အူတွေ ဒါမှမဟုတ် တခြားအရာတွေဟာ ဗိုက်ထဲမှာ ပိတ်မိနေပြီးညှစ်ခံထားရသလို ဖြစ်ကာ သွေးကောင်းကောင်းမရနိုင်တော့တဲ့အခြေအနေဖြစ်လာနိုင်တာမို့အူကျွံတာဟာအန္တရာယ်ရှိပါတယ်။ ဒီလိုအန္တရာယ်ရှိတဲ့အခြေအနေမျိုးဟာ ကလေးဘဝမှာ ဖြစ်ပေါ်လေ့မရှိပေမယ့် အရွယ်ရောက်တဲ့အခါမှာတော့ ဖြစ်လာနိုင်ပါတယ်။

    ဘာလို့ခွဲစိတ်သင့်တာလဲ။

    သင့်ကလေးမှာ အူကျွံနေတာမျိုးမရှိသင့်ပါဘူး။ ခွဲစိတ်မှုခံယူလိုက်မယ်ဆိုရင် သင့်ကလေးအနေနဲ့အရွယ်ရောက်လာတဲ့အခါ အူကျခြင်းရဲ့ဆိုးရွားလှတဲ့နောက်ဆက်တွဲ ပြဿနာတွေကိုခံစားရတော့မှာမဟုတ်ပါဘူး။

    ဒီခွဲစိတ်မှုရဲ့နောက်ဆက်တွဲ ပြဿနာတွေကဘာတွေရှိနိုင်မလဲ။

    အူကျွံတဲ့အပေါက်ဟာ ကလေးအသက်တစ်နှစ်မပြည့်ခင်မှာ အများအားဖြင့်ပိတ်သွားလေ့ရှိပါတယ်။ တကယ်လို့အသက်သုံးနှစ်ပြည့်ချိန်ထိ မပိတ်သေးဘူးဆိုရင်တော့ ခွဲစိတ်ဖို့လိုလာပါပြီ။ ခွဲပြီးရင်လည်း အူကျွံတာဟာ ပြန်ဖြစ်လာနိုင်ပါတယ်။ ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ တကယ်လို့သင့်အနေနဲ့မရှင်းလင်းတာ၊ မေးချင်တာတွေရှိတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်။

    ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်သလဲ။

    သင့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ၊ ဓါတ်မတည့်တာတွေရှိမရှိနဲ့ရောဂါတစ်ခုခုရှိတာမျိုးစတဲ့ အခြေအနေတွေကို ဆရာဝန်နဲ့ကြိုတင်ဆွေးနွေးထားရမှာ ဖြစ်သလို ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့တွေ့ဆုံပြီး အသုံးပြုမယ့်မေ့ဆေးအမျိုးအစားနဲ့ပုံစံအကြောင်းကို မေးမြန်းဆွေးနွေးရမှာ ဖြစ်ပါတယ်။ ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်အချိန်မှာ အစာစားတာ၊ ရေသောက်တာရပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို အတိအကျလိုက်နာရပါမယ်။

    ခွဲစိတ်မှုကိုဘယ်လိုပြုလုပ်မှာလဲ။

    မေ့ဆေး အသုံးပြုခွဲစိတ်လေ့ရှိပြီး ပုံမှန်အားဖြင့် ခွဲစိတ်ချိန်တစ်နာရီလောက်ကြာမြင့်လေ့ရှိပါတယ်။ သင့်ခွဲစိတ်ဆရာဝန်က ချက်အလယ်ခေါင်လောက်မှာ ခွဲရာသေးသေးလေးပေးပြီး ဝမ်းဗိုက်နံရံရဲ့ ပွင့်နေတဲ့နေရာကို ချုပ်ရိုးတင်းတင်းနဲ့ချုပ်ပါလိမ့်မယ်။

    ခွဲစိတ်ပြီးရင် ဘာတွေလိုက်နာဆောင်ရွက်ရမလဲ။

    ခွဲပြီးတဲ့နေ့မှာပဲဆေးရုံကဆင်းနိုင်ပါတယ်။ သင့်ကလေးအနေနဲ့ခွဲစိတ်မှုခံယူပြီး တစ်ပတ်လောက်အကြာမှာ ကျောင်းပြန်တက်နိုင်ပြီ ဖြစ်ပေမယ့် အနည်းဆုံးခြောက်ပတ်လောက်အထိတော့ ပြင်းပြင်းထန်ထန် အားစိုက်ခြင်း၊ ကစားခြင်းမျိုးတွေမလုပ်မိဖို့ဂရုစိုက်ပေးရပါမယ်။ ကလေးအများစုမှာ ခွဲစိတ်မှုအောင်မြင်ပြီးလုံးဝကောင်းသွားလေ့ရှိပါတယ်။ တကယ်လို့သင့်မှာမေးစရာတွေရှိနေမယ် ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေရှိနေမယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်ကိုသိလိုသမျှမေးမြန်းသင့်ပါတယ်။

    ခွဲစိတ်ပြီးတဲ့နောက်ဘာတွေဆက်ဖြစ်လာနိုင်သလဲ။

    ဘယ်လိုခွဲစိတ်ကုသမှုမျိုးမဆို အန္တရာယ်ကတော့ ရှိတာချည်းပါပဲ။ ဒါကြောင့် ဒီခွဲစိတ်မှုမှာ ဘယ်လိုမျိုးနောက်ဆက်တွဲ ပြဿနာတွေရှိလာနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး ခွဲစိတ်ဆရာဝန်ကို မေးမြန်းထားရပါမယ်။

    ဘယ်လိုခွဲစိတ်မှုမျိုးမှာမဆို ဖြစ်နိုင်ချေရှိတဲ့အန္တရာယ်တွေကမေ့ဆေးနဲ့မတည့်တာ၊မေ့ဆေးကိုမူမမှန်တုံ့ပြန်တာ၊သွေးထွက်လွန်တာဒါမှမဟုတ်သွေးခဲတာတွေ ဖြစ်လာနိုင်ပါတယ်။

    ချက်တဝိုက်အူကျွံတာကို ခွဲစိတ်ရာမှာ ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေကတော့

    • ခွဲထားတဲ့အနာအောက်မှာအလုံးဖြစ်ခြင်း

    • ကျွံနေတဲ့အူတွေကိုထိခိုက်မိခြင်း

    • အရုပ်ဆိုးတဲ့အမာရွတ်ကြီး ဖြစ်သွားခြင်းစတာတွေပဲ ဖြစ်ပါတယ်။

    အစာမစားဖို့ညွှန်ကြားတာမျိုး ဒါမှမဟုတ် သောက်နေကျဆေးတချို့ကို ရပ်ခိုင်းတာမျိုး အစရှိတဲ့ဆရာဝန်ရဲ့လမ်းညွှန်ချက်တွေကို အတိအကျလိုက်နာမယ်ဆိုရင် ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေကို အနည်းဆုံး ဒါမှမဟုတ် လုံးဝမဖြစ်အောင်လျှော့ချလိုက်နိုင်မှာပဲ ဖြစ်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement