backup og meta

Termination Of Pregnancy (ကိုယ်ဝန်ဖျက်ချခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 22/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Termination Of Pregnancy (ကိုယ်ဝန်ဖျက်ချခြင်း)

    Termination Of Pregnancy (ကိုယ်ဝန်ဖျက်ချခြင်း) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။

    Termination Of Pregnancy (ကိုယ်ဝန်ဖျက်ချခြင်း) ဆိုတာဘာလဲ။

    Termination Of Pregnancy (ကိုယ်ဝန်ဖျက်ချခြင်း) ဆိုတာက ကိုယ်ဝန်ကို စောစီးစွာဖျက်ချခြင်းကို ဆိုလိုပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် တရားဝင်ကိုယ်ဝန်ဖျက်ချခြင်းပါ။တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ရှိတဲ့နိုင်ငံတွေမှာ အမျိုးသမီးတိုင်းဟာ ကိုယ်ဝန်၂၄ ပတ်မတိုင်ခင်မှာ ဖျက်ချခွင့်ရှိပါတယ်။ ၂၄ပတ်နောက်ပိုင်းမှာ ဖျက်ချတာမျိုးက ရှားတယ်ဆိုပေမယ့် ဒီလိုလုပ်ဖို့လိုအပ်လာပြီဆိုရင် (သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေ၊ နောက်ပိုင်းမှာကြုံတွေ့လာရမယ့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အခက်အခဲ ပြဿနာတွေအပေါ် အခြေခံပြီး) ဆရာဝန်နှစ်ဦးရဲ့ ထောက်ခံချက်နဲ့ဖျက်ချနိုင်ပါတယ်။

    (မှတ်ချက်။ မြန်မာနိုင်ငံတွင် တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် မရှိပါ။)

    ဘယ်လိုနည်းလမ်းတွေနဲ့ ဖျက်ချနိုင်သလဲ။

    ကိုယ်ဝန်နုစဉ်မှာ ဆေးသောက်တဲ့ နည်းလမ်း (ကိုယ်ဝန် ၉ပတ်အထိ)

    ဒါဟာ သဘာဝအလျောက် ကိုယ်ဝန်ပျက်ကျတဲ့ ပုံစံကိုတုပထားတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို ကိုယ်ဝန် ၉ပတ် ဒါမှမဟုတ် ဒီထက်စောစော အသုံးပြုနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။

    mifepristone ဆေးပြားတစ်ပြားကို ဦးစွာ သောက်ရပါမယ်။ ဒီဆေးဟာ ကိုယ်ဝန်ရှိရင် သင့်ခန္ဓါကိုယ်ထဲမှာ ထွက်လာတဲ့ ဟော်မုန်းတွေရဲ့ပမာဏကို နည်းပါးလျော့ကျစေပါတယ်။ နှစ်ရက်ကြာတဲ့အခါ prostaglandin ဆေးပြားလေးပြားကို ထပ်သောက်ရပါမယ်။ ဒီဆေးကတော့ ကိုယ်ဝန်ကို သားအိမ်ထဲကနေ ညှစ်ထုတ်အောင်လုပ်ပေးတာ ဖြစ်ပါတယ်။

    လေအားနဲ့စုပ်ထုတ်တဲ့နည်းလမ်း (ကိုယ်ဝန် ၁၄ပတ်အထိ)

    ဒီနည်းကိုအသုံးပြုမယ်ဆိုရင် ပုံမှန်အားဖြင့် မေ့ဆေးကိုအသုံးပြုလေ့ရှိပြီး ကြာမြင့်ချိန်ကတော့ ဆယ်မိနစ်တောင်မရှိပါဘူး။ စုပ်ယူတဲ့ လေခွက်ကို အသုံးပြုကာ သန္ဓေသားကို မိန်းမကိုယ်ကနေတဆင့် အပြင်ကို ဖယ်ရှားထုတ်ယူတဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ပြီးတဲ့အခါ ပုံမှန်ဓမ္မတာလာစဉ် ကိုက်ခဲသလိုမျိုး ခံစားရမှာဖြစ်ပြီး သွေးလည်းဆင်းမှာ ဖြစ်ပါတယ်။

    ဆေးဝါးအသုံးပြုတဲ့ နည်းလမ်း (ကိုယ်ဝန် ၁၃ပတ်နဲ့အထက်)

    ဒီနည်းလမ်းဟာ ကိုယ်ဝန်အတော်နုစဉ်အချိန်မှာ ဆေးသောက်ပြီး ဖျက်ချတဲ့ပုံစံနဲ့ ဆင်တူပါတယ်။ prostaglandins ကိုပါးစပ်ကနေ သောက်ဖို့လိုသလို မိန်းမကိုယ်ထဲ တိုက်ရိုက်ထည့်ပေးဖို့လည်း လိုအပ်မှာဖြစ်ပြီး ဆေးရုံလည်း နှစ်ရက်လောက်တက်ရမှာ ဖြစ်ပါတယ်။ အနာသက်သာစေဖို့ ဆေးတွေကို သင့်ဆရာဝန်က ညွှန်ကြားပေးပါလိမ့်မယ်။

    သားအိမ်ခြစ်တဲ့ နည်းလမ်း (ကိုယ်ဝန်၁၄ပတ်နဲ့အထက်)

    ဒီနည်းကိုအသုံးပြုမယ်ဆိုရင် ပုံမှန်အားဖြင့် မေ့ဆေးကိုအသုံးပြုလေ့ရှိပြီး ကြာမြင့်ချိန်ကတော့ မိနစ်နှစ်ဆယ်အောက် နည်းပါလိမ့်မယ်။ အထူးကိရိယာပစ္စည်းတွေကို အသုံးပြုပြီး သန္ဓေသားကို မိန်းမကိုယ်ကတဆင့် အပြင်ကိုထုတ်ယူဖယ်ရှားတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။

    သင့်အနေနဲ့ မေးမြန်းစရာတွေ ဒါမှမဟုတ် စိုးရိန်ပူပန်မှုတွေရှိနေမယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

    နောက်ဆက်တွဲ ပြဿနာတွေအနေနဲ့ဘာတွေ ဖြစ်လာနိုင်သလဲ။

    ဘယ်လိုနည်းလမ်းကိုအသုံးပြုပြီး ကိုယ်ဝန်ဖျက်ချသည်ဖြစ်စေ အောက်မှာ ဖော်ပြထားတဲ့အန္တရာယ်တွေနဲ့တော့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။

    • နာကျင်ကိုက်ခဲခြင်း (အကိုက်အခဲ ပျောက်ဆေးရိုးရိုးနဲ့လုံလောက်ပါတယ်)

    • သွေးတွေအများကြီးဆင်းခြင်း

    • သွေးခဲခြင်း

    • ပိုးဝင်ခြင်း

    • ကိုယ်ဝန်ဆက်ရှိနေခြင်း (နောက်တခါထပ်လုပ်ဖို့လိုပါလိမ့်မယ်)

    • စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားရခြင်း

    ကိုယ်ဝန်လရင့်မှ ဖျက်ချတဲ့အခါ အချင်းကျန်ခဲ့တာမျိုးဖြစ်ရင် နောက်တခါထပ်လုပ်ရမှာ ဖြစ်ပါတယ်။

    သားအိမ်ခြစ်တဲ့ နည်းလမ်းကိုအသုံးပြုရင် အောက်ပါနောက်ဆက်တွဲ ပြဿနာတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

    • သားအိမ်ပေါက်ခြင်း၊ ဘေးနားကအင်္ဂါတွေကိုပါ ထိခိုက်ခြင်း

    • သားအိမ်ခေါင်း ထိခိုက်ဒဏ်ရာရခြင်း

    ဒီနောက်ဆက်တွဲ ပြဿနာတွေနဲ့ပတ်သက်လို့မရှင်းလင်းတာမျိုးရှိရင်ဆရာဝန်ကို မေးမြန်းရမှာ ဖြစ်ပါတယ်။

    ပုံမှန်အတိုင်း နေပြန်ကောင်းဖို့ အချိန်ဘယ်လောက်ကြာနိုင်သလဲ။

    ဆေးရုံတက်ပြီး ဖျက်ချတာဆိုရင်အဲဒီ ရက်မှာပဲ ဆေးရုံကဆင်းနိုင်ပေမယ့် ကိုယ်ဝန်ရင့်မှ ဖျက်ချတဲ့လူနာအနေနဲ့ ဆေးရုံမှာတစ်ညလောက်အိပ်ဖို့လိုမှာ ဖြစ်ပါတယ်။ ပြီးရင် အိမ်မှာတစ်ရက်နှစ်ရက်လောက်အနားယူရမှာဖြစ်ပြီး လိုအပ်ရင်အကိုက်အခဲ ပျောက်ဆေးတွေကို သောက်နိုင်ပါတယ်။ ဓမ္မတာလာတဲ့အချိန်မှာ နာကျင်ကိုက်ခဲ သွေးဆင်းတာ ဖြစ်တဲ့အတိုင်း ရက်အနည်းငယ် ဖြစ်နေဦးမှာပါ။ သင့်အနေနဲ့ပဋိသန္ဓေတားဆေး၊ ပိုးသတ်ဆေးတွေလိုအပ်မယ်ဆိုရင်၊ ဒါမှမဟုတ် သင့်သွေးအုပ်စုက အနုတ်သွေးဖြစ်လို့ ဆေးထိုးဖို့လိုမယ်ဆိုရင် သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။

    ကိုယ်ဝန်ဖျက်ချတာကြောင့် ကလေးရနိုင်စွမ်းကို မထိခိုက်ပေမယ့် နောက်တစ်ခါကိုယ်ဝန်ထပ်ရှိမယ်ဆိုရင်တော့ လမစေ့ဘဲ မွေးနိုင်ခြေအနည်းငယ်ရှိမှာ ဖြစ်ပါတယ်။

    တချို့အမျိုးသမီးတွေအနေနဲ့ရင်သွေးလေးကိုဖျက်ချလိုက်ရတာကြောင့် မချိတင်ကဲ၊ ဝမ်းနည်းပူဆွေးရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုခံစားရတာ ပြင်းထန်ဆိုးရွားလာတာပဲဖြစ်ဖြစ်၊ ကာလကြာရှည်လာတာပဲဖြစ်ဖြစ်ဆရာဝန်နဲ့ ပြသတိုင်ပင်အကြံတောင်းခံရမှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 22/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement