backup og meta

Haemorrhoid Treatment By Injection Or Banding (လိပ်ခေါင်းကို ဆေးထိုးပြီး ဒါမှမဟုတ် သားရေကွင်းချည်ပြီး ကုမယ်)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခွဲစိတ်တာအပြင် လိပ်ခေါင်းကို ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်သလဲ။

    ဆေးထိုးပြီး ဒါမှမဟုတ် သားရေကွင်းချည်ပြီးတော့လည်း လိပ်ခေါင်းကို ကုသနိုင်ပါတယ်။ လိပ်ခေါင်းဆိုတာဟာ သင့်စအိုဝမှာရှိနေတဲ့ ခပ်ပျော့ပျော့ အသားလုံးတွေကို ဆိုလိုပြီး ဝမ်းသွားတဲ့အခါ လိပ်ခေါင်းကနေ အလွယ်တကူ သွေးယိုနိုင်ပါတယ်။ လိပ်ခေါင်းကြောင့် နာကျင်လေ့မရှိပေမယ့် ယားယံမှုကိုတော့ ဖြစ်စေပါတယ်။

    လိပ်ခေါင်းဟာ ကြီးလာရင် စအိုကတဆင့် အပြင်ကို ထွက်လာနိုင်တဲ့အတွက် အိမ်သာတက်ပြီး သန့်ရှင်းရေးလုပ်တဲ့အခါ အလုံးအဖြစ် စမ်းမိနိုင်ပါတယ်။ လိပ်ခေါင်းတွေဟာ အချိန်အတိုင်းအတာ တခုအတွင်းမှာ တဖြည်းဖြည်း ကြီးလာနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းကြောင့် လိပ်ခေါင်းဖြစ်နိုင်သလို မျိုးရိုးလည်း လိုက်တတ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်းတွေ ပိုဆိုးလာလေ့ရှိပါတယ်။

    ဆေးထိုးပြီး ဒါမှမဟုတ် သားရေကွင်းချည်ပြီး လိပ်ခေါင်းကုသတဲ့နည်းလမ်းတွေကို ဘာလို့ရွေးချယ်သလဲ။

    အခြားနည်းလမ်းတွေနဲ့ မသက်သာရင် ဒါမှမဟုတ် လိပ်ခေါင်းကကြီးနေရင် ခွဲစိတ်ကုသဖို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။ ဆေးထိုးပြီး ဒါမှမဟုတ် သားရေကွင်းချည်ပြီး လိပ်ခေါင်းကုသတဲ့နည်းလမ်းတွေဟာ လိပ်ခေါင်းကို ရှုံ့သွားစေတဲ့အတွက် သင့်အနေနဲ့ လိပ်ခေါင်းရဲ့ ရောဂါလက္ခဏာတွေကို ခံစားရတော့မှာ မဟုတ်ပါဘူး။

    ရေများများသောက်ခြင်း၊အမျှင်ဓါတ်ပေါကြွယ်ဝတဲ့ အစားအစာတွေကို များများစားပေးခြင်းအားဖြင့်လည်း လိပ်ခေါင်းကို ကုသနိုင်ပါတယ်။ အဆိုပါ နည်းလမ်းတွေနဲ့ ကုသလို့ မအောင်မြင်ရင် ခွဲစိတ်ကုသဖို့ (လိပ်ခေါင်းကို ဖြတ်ထုတ်ပစ်ဖို့) သင့်ဆရာဝန်က အကြံပြုမှာ ဖြစ်ပါတယ်။

    ဆေးထိုးခြင်း သို့မဟုတ် သားရေကွင်းချည်ပြီး လိပ်ခေါင်းကုသခြင်းက ဘာဆိုးကျိုးတွေ၊အန္တရာယ်တွေ ရှိလာနိုင်သလဲ။

    ဘယ်လိုကုသမှုမျိုးမဆို ဘေးထွက်ဆိုးကျိုးပြဿနာကတော့ ရှိတာပါပဲ။ ဒါကြောင့် သင့်အနေနဲ့ အဆိုပါ ဘေးထွက်ဆိုးကျိုးတွေကို သိရှိနိုင်ဖို့အတွက် ဆရာဝန်ကို အသေအချာ ကြိုတင်မေးမြန်းရပါမယ်။

    ဘယ်လိုခွဲစိတ်မှုမျိုး၊ကုသမှုမျိုးမှာမဆို မေ့ဆေး သို့မဟုတ် ထုံဆေးနဲ့ ဓါတ်မတည့်တာ၊ သွေးအလွန်အကျွံထွက်တာ ဒါမှမဟုတ် သွေးခဲတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဆေးထိုးတာကြောင့် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ နေရထိုင်ရ ကသိကအောင့်ဖြစ်ခြင်း၊ဆီးထဲသွေးပါခြင်း (အမျိုးသားတွေမှာ) စတာတွေပဲ ဖြစ်ပြီး သားရေကွင်းချည်တဲ့ ကုသမှုကို ခံယူမယ်ဆိုရင် သွေးထွက်လွန်ခြင်း၊သတိလစ်ခြင်း၊မူးဝေခြင်း စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

    ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုး၊နောက်ဆက်တွဲပြဿနာတွေကို အတတ်နိုင်ဆုံး လျှော့ချနိုင်ဖို့အတွက် ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေ (ဥပမာ အစာမစားဖို့၊သုံးစွဲနေတဲ့ တချို့ဆေးတွေကို ရပ်ထားဖို့ စသည်)ကို ဂရုတစိုက်လေးစားစွာ လိုက်နာရပါမယ်။

    ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။

    ခွဲစိတ်မှုမပြုလုပ်ခင် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ။

    သင့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ၊ရောဂါရှိမရှိ၊လက်ရှိသောက်သုံးနေတဲ့ဆေးရှိမရှိ ဒါမှမဟုတ် ဓါတ်မတည့်ခြင်း ရှိမရှိတို့နဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။

    ကုသမှုကို ဘယ်လိုပြုလုပ်မလဲ။

    မှန်ပြောင်းအပျော့ ဒါမှမဟုတ် အမာကို အသုံးပြုပြီး သင့်စအိုနဲ့ အူလမ်းကြောင်းတလျှောက်ကို ဆရာဝန်က စစ်ဆေးပါလိမ့်မယ်။

    ဆေးထိုးခြင်း — phenol လို့ခေါ်တဲ့ ဓါတုပစ္စည်းလေးအနည်းငယ်ကို လိပ်ခေါင်းရဲ့အပေါ်နားမှာရှိတဲ့ စအိုနံရံထဲကို ထိုးလိုက်ပါလိမ့်မယ်။ ဒီလို ထိုးလိုက်ခြင်းအားဖြင့် လိပ်ခေါင်းကို သွေးထောက်ပံ့ပေးနေတဲ့ သွေးကြောတွေကို ပိတ်ဆို့လိုက်နိုင်တာမို့ လိပ်ခေါင်းတဖြည်းဖြည်းနဲ့ ရှုံ့သွားပါလိမ့်မယ်။

    သားရေကွင်းချည်ခြင်း — သင့်ဆရာဝန်အနေနဲ့ ဆီလီကွန်ရာဘာကွင်းလေးကို မှန်ပြောင်းကနေတဆင့် စအိုနံရံပေါ်ကို ပို့ပေးပါလိမ့်မယ်။ ဒီကွင်းလေးဟာလည်း လိပ်ခေါင်းကို သွေးထောက်ပံ့ပေးနေတဲ့ သွေးကြောတွေကို ပိတ်ဆို့လိုက်နိုင်တာမို့ လိပ်ခေါင်းတဖြည်းဖြည်းနဲ့ ရှုံ့သွားပါလိမ့်မယ်။

    တကယ်လို့ မေးချင်တာ ဒါမှမဟုတ် စိုးရိမ်ပူပန်တာမျိုးလေးတွေ ရှိနေတယ်ဆိုရင် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    ဆေးထိုးပြီး ဒါမှမဟုတ် သားရေကွင်းချည်ပြီး လိပ်ခေါင်းကို ကုသလို့အပြီးမှာ ဘာတွေဆက်ဖြစ်မလဲ။

    ကုသမှုပြုလုပ်ပြီးတာနဲ့ သင်အိမ်ပြန်လို့ရမှာဖြစ်ပြီး ဆရာဝန်က အထူးတလည် မှာကြားထားတာမျိုးမရှိဖူးဆိုရင် နောက်တရက်မှာပဲ လုပ်ငန်းခွင်ပြန်ဝင်လို့ ရပါပြီ။ လိပ်ခေါင်းဟာ ပြန်ဖြစ်လာနိုင်တဲ့အတွက် ရေများများသောက်ခြင်း၊အမျှင်ဓါတ်ပါတဲ့ အစားအစာတွေကို များများစားပေးခြင်း စတာတွေကို လိုက်နာဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။

    လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးရင် အချိန်တိုအတွင်းမှာ မူလအတိုင်း လှုပ်ရှားသွားလာမှုပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် လေ့ကျင့်ခန်းစတင်မပြုလုပ်မီ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ဆွေးနွေးရပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement