backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cystourethrogram (ဆီးအိတ်နဲ့ ဆီးလမ်းကြောင်း ဓါတ်မှန်ရိုက်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အခြေခံကို သိခြင်း။

Cystourethrogram ဆိုတာဘာလဲ?

Cystourethrogram ဆိုတာဟာ ဆီးအိတ်ပြည့်နေတဲ့ အချိန်(သို့) ဆီးသွားနေချိန်မှာ ဆီးအိတ်နဲ့ ဆီးလမ်းကြောင်း ပုံရိပ်တွေကို ရိုက်ယူတဲ့ X-ray ဓါတ်မှန်ဖြစ်ပါတယ်။ urinary catheter လို့ခေါ်တဲ့ ပါးလွှာပြီး ကွေးနိုင် ဆန့်နိုင်တဲ့ ပြွန်တစ်ခုကို ဆီးလမ်းကြောင်းမှ တစ်ဆင့် ဆီးအိတ်ထဲရောက်အောင် ထည့်ပါတယ်။

ဓါတ်မှန်မှာ ပုံရိပ်ကောင်းကောင်းပေါ်အောင် လုပ်ဆောင်ပေးနိုင်တဲ့ အရည်တစ်မျိုး( contrast material) ကို ပြွန်ထဲကနေ ထည့်ပါတယ်။ ပြီးတော့ contrast material ပါဝင်တဲ့ ဓါတ်မှန် ပုံရိပ်တွေကို ရယူနိုင်ပါတယ်။ ဒါ့အပြင် ဆီးအိတ်ကနေ ဆီးတွေအပြင်ကို ထွက်နေတဲ့ အချိန်မှာလည်း ဓါတ်မှန်ရိုက်လို့ရပါတယ်။ အဲဒီ စစ်ဆေးချက်ကိုတော့ VCUG ( voiding cystourethrogram) လို့ခေါ်ပါတယ်။

Contrast material ကို ဆီးလမ်းကြောင်းထဲ ထိုးထည့်နေစဉ်မှာ ရိုက်တဲ့ ဓါတ်မှန်စစ်ဆေးချက်ကို တော့ retrograde cystourethrogram လို့ခေါ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ contrast material တွေက ဆီးသွားတဲ့ ဘက်နဲ့ ဆန့်ကျင်ပြီး သွားနေတာကြောင့်ပါ။

အကြောင်းရင်းကိုသိရှိခြင်း။

Cystourethrogram ( ဆီးအိတ်နဲ့ ဆီးလမ်းကြောင်း ဓါတ်မှန်ရိုက်ခြင်း) ကို ဘာကြောင့်လုပ်ဆောင်ရသလဲ?

ဒီစစ်ဆေးချက်ကို အထူးသဖြင့် တစ်ခါထက်ပိုတဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးအိတ်ပိုးဝင်ခြင်း ဖြစ်တတ်တဲ့ ကလေးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်စေတဲ့အကြောင်းအရင်းတွေကို စစ်ဆေးဖို့ လုပ်ဆောင်လေ့ရှိပါတယ်။

အဲဒီစစ်ဆေးချက်ကို အောက်ပါ အခြေအနေတွေကို တွက်ချက်ဖို့ နဲ့ ရောဂါအမည် သတ်မှတ်ဖို့ အတွက်လည်း အသုံးပြုနိုင်ပါတယ်။

  • ဆီးအိတ်ထဲမှာ ဆီးမကျန်အောင် သွားဖို့ ခက်ခဲခြင်း။
  • ဆီးအိတ် နဲ့ ဆီးလမ်းကြောင်းတွေမှာ မွေးရာပါ ချို့ယွင်းချက်တွေ ရှိနေခြင်း။
  • အမျိုးသားများတွင် ဆီးအိတ်ကနေ ဆီးတွေကို အပြင်သို့ သယ်ပေးတဲ့ ပြွန် ကျဉ်းခြင်း။
  • ဆီးအိတ်မှ ဆီးတွေက အပေါ်ရှိ ကျောက်ကပ်ဆီသို့ ပြန်တက်ခြင်း စသည်။

ကြိုတင်ပြင်ဆင်ခြင်း။

Cystourethrogram ( ဆီးအိတ်နဲ့ ဆီးလမ်းကြောင်း ဓါတ်မှန်ရိုက်ခြင်း) မလုပ်ဆောင်ခင် ဘာတွေကြိုသိထားသင့်သလဲ?

Voiding cystourethrogram လုပ်ခြင်းဖြင့် ကျောက်ကပ်ကနေ ဆင်းလာတဲ့ ဆီးလမ်းကြောင်း ပိတ်နေတာကို တွက်ချက်လို့ မရနိုင်ပါဘူး။ ဒါ့ကြောင့် ပိတ်နေတယ် လို့ သံသယ ရှိရင် အခြား စစ်ဆေးချက်တွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

မကုသဘဲ ထားထားတဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း တွေရှိနေပါက voiding cystourethrogram ကို မလုပ်ဆောင်သင့်ပါဘူး။

ဘာတွေလုပ်ဆောင်မယ် ဆိုတာသိခြင်း။

Cystourethrogram ( ဆီးအိတ်နဲ့ ဆီးလမ်းကြောင်း ဓါတ်မှန်ရိုက်ခြင်း) အတွက် ဘာတွေကြိုတင်ပြင်ဆင် ထားရမလဲ?

တကယ်လို့ သင့်မှာ အောက်ပါ အခြေအနေတွေရှိနေရင် ဆရာဝန်ကို ကြိုပြောထားရပါမယ်။

  • ကိုယ်ဝန်ရှိနေရင်(သို့) ကိုယ်ဝန် ရနိုင်တဲ့ အခြေအနေရှိရင်။
  • ကလေးနို့တိုက်နေရတဲ့ မိခင်ဖြစ်လျှင်။ ဒီစစ်ဆေးချက်မှာ အသုံးပြုထားတဲ့ contrast material ဟာ နို့ရည်ထဲကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီစစ်ဆေးချက် လုပ်ဆောင်ပြီး ၂ ရက် အတွင်း မှာ သင့်ကလေးကို နို့မတိုက်ရပါဘူး။ အဲဒီအချိန်မှာ ကလေးကို မိခင်စစ်ဆေးချက်မလုပ်ခင်က စုဆောင်းထားတဲ့ မိခင်နို့(သို့) formula ကို ကျွေးနိုင်ပါတယ်။
  • ဆီးသွားနေစဉ် နာကျင်ခြင်း၊ ပူလောင်သလို ခံစားရခြင်း ကဲ့သို့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာတွေရှိနေပါက ဆရာဝန်ကို ကြိုပြောရပါမယ်။
  • တကယ်လို့ သင်ဟာ contrast material မှာပါတဲ့ အိုင်အိုဒင်း (သို့) အခြား အိုင်အိုဒင်းပါတဲ့ ပစ္စည်းတွေနဲ့ မတည့်တာရှိတယ်ဆိုရင် ကြိုပြောထားရပါမယ်။ ဒါ့အပြင် ပန်းနာရင်ကျပ်ရှိခြင်း၊ မတည့်တဲ့ဆေးတွေရှိခြင်း၊ (သို့) ပျားအတုပ်ခံ(သို့) အခွံမာ ပင်လယ်အကောင် တွေစားပြီး ဆိုးရွားတဲ့ မတည့်တဲ့ တုံ့ပြန်မှုတွေရှိခဲ့ဖူးတယ်ဆိုရင်လည်း ဆရာဝန်ကို ကြိုပြောပြထားဖို့လိုပါတယ်။
  • လွန်ခဲ့ တဲ့ ၄ရက်အတွင်းမှာ barium enema ကဲ့သို့သော barium contrast material ပါတဲ့ ဓါတ်မှန် စစ်ဆေးချက်တွေလုပ်ထားတယ်ဆိုရင်၊ (သို့) bismuth ပါတဲ့ ဆေးတွေသောက် ထားတယ်ဆိုရင် ကြိုပြောပြဖို့လိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ barium နဲ့ bismuth က စစ်ဆေးချက် အဖြေကို နှောက်ယှက်နိုင်လို့ပါ။
  • သားအိမ်ထဲထည့်တဲ့ ပစ္စည်း တစ်ခုခု ထည့်ထားတယ်ဆိုရင်။

ကလေးတွေမှာ ဆီးလမ်းကြောင်း ပုံမမှန်ဖြစ်ခြင်း(နောက်ပြန်စီးခြင်း) ရှိ၊ မရှိ စစ်ဆေးရန် အတွက်လည်း ဒီစစ်ဆေးချက်ကို လုပ်ဆောင်လေ့ရှိပါတယ်။ လုပ်ဆောင်ရမယ့် လိုအပ်တဲ့ စစ်ဆေးချက်တွေ အတွက် သင့်ကလေးကို ရိုးရှင်းတဲ့ နည်းလမ်းတွေ နဲ့ရှင်းပြထားရပါမယ်။

အကောင်းဘက်ရောက်တဲ့ စကားလုံးတွေကို တတ်နိုင်သလောက်သုံးပြီးပြောရပါမယ်။ အဲဒီလိုလုပ်တာက သင့်ကလေးကို ဘာတွေမျှော်လင့်ထားရမယ်ဆိုတာ နဲ့ ပတ်သတ်ပြီး နားလည်စေနိုင်မှာ ဖြစ်ပြီး ကြောက်တာကို လျော့နည်းအောင် ကူညီပေးနိုင်ပါတယ်။

ဒီစစ်ဆေးချက် အတွက် လိုအပ်တာတွေ၊ ဖြစ်လာနိုင်တာတွေ၊ ဘယ်လို လုပ်ဆောင်မယ်ဆိုတာတွေ၊ (သို့) ရလဒ် အဖြေနဲ့ ပတ်သတ်တာတွေ ကို ပိုမိုသိလိုပါက ဆရာဝန် နဲ့တွေ့ဆုံ ဆွေးနွေးနိုင်ပါတယ်။

စစ်ဆေးခြင်း။

Cystourethrogram ( ဆီးအိတ်နဲ့ ဆီးလမ်းကြောင်း ဓါတ်မှန်ရိုက်ခြင်း) လုပ်ဆောင်နေစဉ် ဘာတွေ ဖြစ်နိုင်သလဲ?

Cystourethrogram ( ဆီးအိတ်နဲ့ ဆီးလမ်းကြောင်း ဓါတ်မှန်ရိုက်ခြင်း)ကို ဆီးလမ်းကြောင်း ကျွမ်းကျင် ဆရာဝန်(သို့) ဓါတ်မှန်ကျွမ်းကျင် ဆရာဝန်က လုပ်ဆောင်ပေးပါမယ်။ ဓါတ်မှန် နည်းပညာရှင် တစ်ယောက်က ဆရာဝန်ကို ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။ ဆေးရုံတက်စရာ လိုလေ့မရှိပါဘူး။

အဝတ်အစား အားလုံး (သို့) အားလုံးနည်းပါး ချွတ်ဖို့ လိုအပ်နိုင်ပြီး သင့်ကိုစစ်ဆေးနေစဉ်မှာ ကာထားဖို့ အဝတ် (သို့) စက္ကူတစ်ချို့ ပေးထားနိုင်ပါတယ်။ ဒီစစ်ဆေးချက် မလုပ်ဆောင်ခင်လေးမှာ ဆီးသွားဖို့ ပြောနိုင်ပါတယ်။

သင်ဟာ ကျောဘက်နဲ့ X ray ဓါတ်မှန်ကုတင်ပေါ်မှာ လှဲနေရပါမယ်။ သင့် မျိုးပွားအင်္ဂါ အစိတ်အပိုင်းနေရာတွေကို သန့်စင်ပြီး သန့်စင်တဲ့ သဘက်နဲ့ သုတ်ပါလိမ့်မယ်။ ယောက်ျားလေးတွေ ကိုတော့ မျိုးပွားအင်္ဂါကို ဓါတ်ရောင်ခြည်တွေမထိအောင် ကာကွယ်ဖို့ အတွက် ခဲပါတဲ့ဲ အကာ တစ်ခုပေးပါလိမ့်မယ်။ မိန်းကလေးတွေရဲ့ သားဥအိမ်ကတော့ ဆီးအိတ်ကို မြင်ရအောင် မကွယ်ဘဲ ကာထားလို့မရပါဘူး။

ပြွန်တစ်ခုကို ဆီးလမ်းကြောင်းမှ ဆစ်ဆင့် ဆီးအိတ်ထဲကို ထည့်ပါမယ်။ ဆီးအိတ်မပြည့်မချင်း contrast material ကို ဖြည်းဖြည်းချင်း ပြွန်ထဲကနေ ထိုးထည့်ပါမယ်။

ဓါတ်မှန်ကို မတ်တပ်ရပ်နေချိန်၊ ထိုင်နေချိန်၊ နဲ့ လှဲနေချိန်တွေမှာ ရိုက်ပါလိမ့်မယ်။ ပြီးတဲ့အခါ ပြွန်ကိုဖယ်လိုက်ပြီး ဆီးသွားနေစဉ်မှာ ဓါတ်မှန်တွေထပ်ပြီး ရိုက်ပါမယ်။ အဲဒီအတွက် ရိုက်နေတုန်းမှာ သင့်ကို ဆီးသွားတာရပ်ဖို့၊ ပုံစံပြောင်းဖို့၊ နဲ့ ဆီးပြန်ပေါက်ဖို့ ပြောနိုင်ပါတယ်။ တကယ်လို့ အနေအထားတစ်မျိုးနဲ့ ဆီးမသွားနိုင်ဘူးဆိုရင် နောက်အခြား အနေအထားတစ်ခု ပြောင်းပြီး ကြိုးစားကြည့်နိုင်ပါတယ်။

ဒီစစ်ဆေးချက်ဟာ မိနစ် ၃၀ မှ ၄၀ လောက်ထိကြာနိုင်ပါတယ်။

Cystourethrogram ( ဆီးအိတ်နဲ့ ဆီးလမ်းကြောင်း ဓါတ်မှန်ရိုက်ခြင်း) လုပ်ဆောင်ပြီးနောက် ဘာတွေ ဖြစ်နိုင်သလဲ?

ဓါတ်မှန်ပိုင်းဆိုင်ရာ စစ်ဆေးချက်တွေကို ကောင်းကောင်း နားလည်တဲ့ ဓါတ်မှန် ကျွမ်းကျင် ဆရာဝန် က ပုံရိပ်တွေကို စစ်ဆေးကြည့်ရှု လက်မှတ်ထိုးပြီး သင်နဲ့ ရလဒ် အဖြေကို ဆွေးနွေး ပေးနိုင်မယ့် ဆရာဝန် (သို့) သမားတော် ဆီကို ပို့လိုက်ပါမယ်။

နောက်ထပ်စစ်ဆေးဖို့ ရက်ချိန်းလိုအပ်ရင် လိုအပ်နိုင်ပါတယ်။ နောက်ထပ် ဘာကြောင့်စစ်ဆေးရတယ်ဆိုတာ ဆရာဝန်က တိကျတဲ့အကြောင်းအရင်းကို ရှင်းပြပါလိမ့်မယ်။ တစ်ခါတစ်လေမှာ နောက်ထပ်စစ်ဆေးဖို့ ရက်ချိန်းရတာဟာ စစ်ဆေးချက်အဖြေမှာ သံသယရှိဖွယ်၊ မေးခွန်းထုတ်စရာ ရလဒ်ဖြစ်နေပြီး အခြား အနေအထား(သို့) အထူးပြုပုံရိပ် နည်းပညာတွေနဲ့ အတည်ပြုဖို့လိုအပ်တာကြောင့် ဖြစ်နိုင်ပါတယ်။

သိပြီးသား ပုံမမှန်တဲ့ကိစ္စ၊ရောဂါ တစ်ခုခုမှာ ဖြစ်နိုင်တဲ့ အပြောင်းအလဲကို ထပ်စစ်ဆေးဖို့ အတွက်လိုအပ်တဲ့အခါမှာလည်း နောက်ထပ် စစ်ဆေးဖို့ရက်ချိန်းက လိုအပ်လာပါလိမ့်မယ်။ ကုသမှုမှာ ထိရောက်မှုရှိ၊ မရှိ နဲ့ ပုံမမှန်တဲ့ ရောဂါတစ်ခုခုက အချိန်အကြာကြီး တည်မြဲနေ၊ မနေ စစ်ဆေးတဲ့ နေရာမှာလည်း နောက်ထပ်ရက်ချိန်းပေးပြီး စစ်ဆေးခြင်း နည်းလမ်းက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Cystourethrogram ( ဆီးအိတ်နဲ့ ဆီးလမ်းကြောင်း ဓါတ်မှန်ရိုက်ခြင်း)နဲ့ ပတ်သတ်ပြီး မေးစရာရှိပါကဆရာဝန်နှင့် ဆက်လက် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

ရလဒ်အဖြေကို သိနားလည်ခြင်း။

စစ်ဆေးချက်ရလဒ်က ဘာကိုဆိုလိုသလဲ

တစ်ချို့ အဖြေတွေ က cystourethrogram လုပ်ပြီးပြီးချင်းမှာပဲ ရနိုင်ပါတယ်။ နောက်ဆုံး အဖြေကိုတော့ ၁ ရက် ၊၂ရက် အတွင်းမှာ ရနိုင်ပါတယ်။

Cystourethrogram ( ဆီးအိတ်နဲ့ ဆီးလမ်းကြောင်း ဓါတ်မှန်ရိုက်ခြင်း)

ပုံမှန် ရလဒ် အဖြေများ

ဆီးအိတ်က ပုံမှန်ဖြစ်နေခြင်း။

ဆီးအိတ်မှ ဆီးသွားတဲ့ လမ်းကြောင်း ပုံမှန်ဖြစ်နေခြင်း။

ဆီးအိတ်ကနေ ဆီးတွေကုန်အောင်ထုတ်နိုင်ခြင်း။

Contrast material က ချောမွေ့တဲ့ ဆီးလမ်းကြောင်း နံရံကို ဖြတ်ပြီး ဆီးအိတ်အပြင်ကို တပြေးညီတည်း စီးဆင်းသွားခြင်း။

ပုံမမှန်သော ရလဒ် အဖြေများ။

ဆီးကျောက်များ၊ အကျိတ်များ၊ ဆီးအိတ် (သို့) ဆီးလမ်းကြောင်း ကျဉ်းခြင်း များတွေ့ရခြင်း။

ဆီးအိတ်ပြဲနိုင်တဲ့ ထိခိုက်ဒဏ်ရာ ကြောင့် ဒီ စစ်ဆေးချက်ကိုလုပ် ဆောင်ပြီး ဆီးအိတ် နံရံ(သို့) ဆီးလမ်းကြောင်းမှာ ပြဲနေတာတွေ့ရခြင်း။

ဆီးအိတ်မှ ureters (ကျောက်ကပ်မှ ဆီးတွေကို ဆီးအိတ်ဆီ သယ်ပေးတဲ့ ပြွန်) ဆီကို ဆီးတွေပြောင်းပြန် ပြန်စီးနေခြင်း။

Contrast material တွေက ဆီးအိတ်ကနေ ယိုစီးကျလာခြင်း။

ဆီးအိတ်ထဲက ဆီးတွေကို အကုန်မထုတ်နိုင်ခြင်း။

ပရောစတိတ် ဂလင်း ကြီးနေခြင်း။

ဘာတွေက ဒီစစ်ဆေးချက်အပေါ် သက်ရောက်မှုရှိနိုင်သလဲ?

သင်ဒီစစ်ဆေးချက်ကို လုပ်လို့မရတဲ့ (သို့) စစ်ဆေးချက် အဖြေက သင့်ကို ဘာကြောင့် အကူအညီမဖြစ်စေသလဲ ဆိုတဲ့ အကြောင်း အရင်းတွေကတော့

  • Barium ရှိနေခြင်း ( အရင်က barium enema စစ်ဆေးချက်လုပ်ထားခြင်း) ၊ ဓါတ်ငွေ့ (သို့) အူလမ်းကြောင်းထဲမှာ မစင်တွေရှိနေခြင်း။
  • ပြောတဲ့ အချိန်မှာ ဆီးမသွားနိုင်ခြင်း။
  • ဆီးလမ်းကြောင်းထဲမှာ ပြွန်ရှိနေခြင်းကြောင့် နာကျင်ခံစားရခြင်း။ အဲဒါကလည်း ဆီးလမ်းကြောင်းနဲ့ ပတ်သတ်တဲ့ ပြသနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကြွက်သားတောင့်နေခြင်း(သို့) ဆီးအိတ်ကို ထိန်းချုပ်ထားတဲ့ ကြွက်သားတွေ မဖြေလျော့နိုင်ခြင်း။ တို့ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်မှာ cystourethrogram လုပ်ဆောင် လေ့မရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ X- rays ဓါတ်ရောင်ခြည်တွေက မမွေးသေးတဲ့ ကလေးလေးကို ဒုက္ခပေးနိုင်လို့ပါ။

ဓါတု စစ်ဆေးခန်းတွေ နဲ့ ဆေးရုံတွေအပေါ်မူတည်ပြီး Cystourethrogram ( ဆီးအိတ်နဲ့ ဆီးလမ်းကြောင်း ဓါတ်မှန်ရိုက်ခြင်း) အတွက် ပုံမှန်ရလဒ် အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။ စစ်ဆေးချက် အဖြေအတွက် မေးစရာရှိပါကဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement