backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cranial Ultrasound (ဦးခေါင်းခွံ အာထရာဆောင်း ရိုက်ခြင်း)


Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အခြေခံကို သိခြင်း။

ဦးခေါင်း အာထရာဆောင်း ဆိုတာဘာလဲ?

ဦးခေါင်း အာထရာဆောင်း ရိုက်တယ်ဆိုတာဟာ ပြန်လာတဲ့ အသံလှိုင်းတွေကို အသုံးပြုပြီး ဦးနှောက်နဲ့ ventricles လို့ခေါ်တဲ့ ဦးနှောက်အတွင်းဘက် အရည်တွေရှိတဲ့ အခန်း တွေရဲ့ ပုံရိပ်ကိုထုတ်ယူတာဖြစ်ပါတယ်။

နေ့၊လ မစေ့ဘဲ မွေးခြင်းရဲ့ နောက်ဆက်တွဲတွေကို တွက်ချက်ဖို့ လေ့လာဖို့ ဒီစစ်ဆေးချက်ကို ကလေးလေး တွေမှာ များသောအားဖြင့် လုပ်လေ့ရှိပါတယ်။ လူကြီးတွေမှာဆိုရင်တော့ ဒီ အာထရာဆောင်းကို ဦးနှောက်ခွဲစိတ်မှုလုပ်ဆောင်နေစဉ် ဦးနှောက်အတွင်းရှိ အစိုင်အခဲတွေကို မြင်နိုင်ဖို့ အတွက် လုပ်ဆောင်နိုင်ပါတယ်။

လက္ခဏာများ။

အာထရာဆောင်း လှိုင်းတွေက အရိုးတွေကို ဖြတ်မသွားနိုင်ပါဘူး။ ဒါ့ကြောင့် cranium လို့ခေါ်တဲ့ ဦးခေါင်းခွံ အရိုးတွေ အပြည့်အ၀ ကြီးထွားပြီးသွားတဲ့အခါမျိုးမှာ ဦးနှောက်ကို စစ်ဆေးဖို့ အာထရာဆောင်းရိုက်လို့မရပါဘူး။

ဒါ့ကြောင့် ဦးခေါင်း အာထရာဆောင်းကို ဦးခေါင်းခွံ အရိုးတွေ အပြည့်အ၀ မဖွံ့ဖြိုးသေးတဲ့ ကလေးတွေ၊(သို့) ဦးနှောက် ခွဲစိတ်ဖို့ ဦးခေါင်းခွံကို ဖွင့်ထားတဲ့ လူကြီးတွေ မှာ ရိုက်လို့ရပါတယ်။ ဦးခေါင်း အာထရာဆောင်းရိုက်ခြင်းဖြင့် အသက်၁၈ လ မတိုင်ခင်ကလေးတွေမှာ ဦးနှောက်နဲ့ ventricles လို့ခေါ်တဲ့ အခန်းလေးတွေမှာ ဖြစ်နေတဲ့ ပြသနာတွေကို သိရှိနိုင်ပါတယ်။

ကလေးငယ်များ အတွက်ဦးခေါင်း အာထရာဆောင်းရိုက်ခြင်း။

နေ့၊လ မစေ့ဘဲ မွေးခြင်းရဲ့ နောက်ဆက်တွဲတွေမှာ periventricular leukomalacia(PVL) နှင့် ventricle အတွင်း သွေးယိုခြင်း အပါအဝင် ဦးနှောက်အတွင်း သွေးယိုခြင်း တို့ပါဝင်ပါတယ်။

PVL ဆိုတာဟာ ventricle လို့ခေါ်တဲ့ ဦးနှောက်အတွင်းရှိ အခန်းတွေ အနားမှာရှိတဲ့ ဦးနှောက်တစ်ရှုးတွေ ပျက်စီးသွားပြီး ကလေးမမွေးခင်၊ မွေးနေစဉ်၊ မွေးပြီး ချိန်တွေမှာ ဖြစ်တတ်တဲ့ ဦးနှောက်ဆီကို အောက်စီဂျင်(သို့) သွေးရောက်တာနည်းတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။

ventricleအတွင်း သွေးယိုခြင်း(IVH) နဲ့ PVL ဖြစ်ခြင်းဟာ ကလေးလေးအတွက် ချို့ယွင်းချက်တွေ(သင်ကြားနိုင်မှု အနည်းငယ်ချို့ယွင်းခြင်း၊(သို့) လှုပ်ရှားမှု သိသိသာသာ နှေးကွေးသွားခြင်း၊ မှ cerebral palsy(ဦးနှောက်လေဖြတ်ခြင်း) (သို့) အသိဉာဏ်ချို့ယွင်းခြင်းတွေအထိ) ဖြစ်ဖို့ အခွင့်အရေး ပိုများစေနိုင်ပါတယ်။

IVH ဟာ နေ့စေ့၊ လစေ့ မွေးတဲ့ ကလေးတွေထက်စာ ရင် နေ့မစေ့၊ လမစေ့ မွေးတဲ့ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ ဖြစ်လာပြီဆိုရင်လည်း မွေးပြီး ပထမ ၃၊ ၄ရက်မှာ စဖြစ်လေ့ရှိပါတယ်။ မွေးပြီး ၁ပတ်မှာ ဦးခေါင်း အာထရာဆောင်းရိုက်ခြင်းဖြင့် IVH အများစုကို စစ်ဆေး သိရှိနိုင်ပါတယ်။

PVL ကတော့ စစ်ဆေးသိရှိဖို့ ရက်သတ္တပတ် အနည်းငယ်လိုအပ်ပါတယ်။ ဒီလို အကြောင်းတွေကြောင့် PVL ကို သံသယ ရှိပါက ဦးခေါင်း အာထရာဆောင်းရိုက်ခြင်း ကို မွေးပြီး ၄ပတ်မှ ၈ပတ် အတွင်းမှာ ထပ်လုပ်ဆောင်သင့်ပါတယ်။ ဦးနှောက် အစိတ်အပိုင်းတွေကို စစ်ဆေးဖို့အတွက် ဦးခေါင်း အာထရာဆောင်းရိုက်ခြင်း ကို အများအပြားလုပ်ဆောင်ရနိုင်ပါတယ်။

ဦးခေါင်း အာထရာဆောင်းရိုက်ခြင်းကို ကလေးလေးမှာ ဦးခေါင်း အရွယ်အစားကြီးနေခြင်း၊ ဦးနှောက် အမြှေးပါးယောင်ခြင်းကဲ့သို့ဦးနှောက်အတွင်း(သို့)အနီးအနားတွင် ရောဂါပိုးဝင်ခြင်း၊ hydrocephalus ကဲ့သို့ မွေးရာပါ ဦးနှောက်ပြသနာများ ကို စစ်ဆေးခြင်း စသည်တို့ အတွက် အသုံးပြုနိုင်ပါတယ်။

လူကြီးများ အတွက်ဦးခေါင်း အာထရာဆောင်းရိုက်ခြင်း။

လူကြီးများအတွက်တော့ ဦးခေါင်း အာထရာဆောင်းရိုက်ခြင်းကို ဦးနှောက်အတွင်းရှိ အစိုင်အခဲကို နေရာသိအောင်ရှာဖွေပေးဖို့ အသုံးပြုနိုင်ပါတယ်။ ဦးခေါင်းခွံဆက်ပြီးသား လူကြီးတွေမှာ ဦးခေါင်း အာထရာဆောင်းရိုက်ခြင်းကိုလုပ်ဆောင်လို့မရတဲ့အတွက် ဦးနှောက် ခွဲစိတ်မှုအတွက် ဦးခေါင်းခွံ ဖွင့်ထားမှ သာ လုပ်ဆောင်နိုင်ပါတယ်။

အကြောင်းရင်းကို သိရှိခြင်း။

ဦးခေါင်း အာထရာဆောင်းရိုက်ခြင်းကိုမလုပ်ဆောင် ခင် ဘာတွေကြိုတင် သိထားသင့်သလဲ?

အာထရာဆောင်းက အရိုးတွေကို ဖြတ်မသွားနိုင်တဲ့အတွက် ဦးခေါင်းခွံ အရိုးတွေ အပြည့်အ၀ မကြီးထွားသေးတဲ့ ကလေးငယ်တွေမှာပဲ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် duplex Doppler အာထရာဆောင်းကိုတော့ ဦးနှောက်အတွင်းသွေးစီးဆင်းမှုကို စစ်ဆေးနိုင်ဖို့ ကလေးမှာရော၊ လူကြီးတွေမှာရော လုပ်ဆောင်နိုင်ပါတယ်။

PVL ကတော့ စစ်ဆေးသိရှိဖို့ မွေးပြီးရက်သပတ် အနည်းငယ်လိုအပ်ပါတယ်။ ဒီလို အကြောင်းတွေကြောင့် PVL ကို သံသယ ရှိပါက ဦးခေါင်း အာထရာဆောင်းရိုက်ခြင်း ကို မွေးပြီး ၄ပတ်မှ ၈ပတ် အတွင်းမှာ ထပ်လုပ်ဆောင်သင့်ပါတယ်။ ဦးခေါင်း အာထရာဆောင်းရိုက်ခြင်းမှ သံသယရှိတဲ့ဦးနှောက် အစိတ်အပိုင်းတွေကို တွေ့ရှိခဲ့ပါက နောက်ထပ် ရက်သပတ် တော်တော်များများမှာ အာထရာဆောင်းထပ်ရိုက်ဖို့ လိုအပ်ပါလိမ့်မယ်။

PVL (သို့) IVH ဖြစ်နေတဲ့ ကလေးတွေမှာ ပုံမှန် ကြီးထွားနိုင်သူများရှိနိုင်သလို၊ ပမာဏ မတူညီတဲ့ ချို့ယွင်းချက်များ( cerebral palsy – ဦးနှောက်လေဖြတ်ခြင်း နှင့် အသိဉာဏ်ချို့ယွင်းခြင်း) ရှိနိုင်ပါတယ်။

နေ့လ မစေ့ဘဲမွေးတဲ့ ကလေးလေးတွေမှာ PVL (သို့) IVH ကို စစ်ဆေးဖို့ MRI ရိုက်ခြင်း ကို ဦးခေါင်း အာထရာဆောင်းရိုက်ခြင်း အစား အသုံးပြုနိုင်ပါတယ်။

ဘာတွေလုပ်ဆောင်မယ်ဆိုတာ သိခြင်း။

ဦးခေါင်း အာထရာဆောင်းရိုက်ခြင်းအတွက် ဘယ်လို ကြိုတင် ပြင်ဆင်ထားရမလဲ?

ဒီစစ်ဆေးချက်မလုပ်ခင်မှာ ဘာမှ အထူးတလည်ပြင်ဆင်ထားစရာ မလိုပါဘူး။

အရွယ်ရောက်ပြီးလူကြီးတွေကိုတော့ Doppler အာထရာဆောင်းစစ်ဆေးခြင်း မလုပ်ခင်မှာ နီကိုတင်း(ဆေးရွက်ကြီး) ပါတဲ့ ထုတ်ကုန်တွေကို အသုံးမပြုဖို့ မှာကြားပါလိမ့်မယ်။ ဆေးရွက်ကြီးပါတဲ့ ထုတ်ကုန်တွေဟာ သွေးကြောတွေကို ကျဉ်းစေပြီး ရလဒ်ကို မတိမကျ ဖြစ်စေနိုင်ပါတယ်။

သင့် ဆရာဝန်က စစ်ဆေးချက်မလုပ်ခင်မှာ သင့်အတွက်(သို့) သင့်ကလေးအတွက် တိကျတဲ့ ညွှန်ကြားချက်တွေပေးပါလိမ့်မယ်။

အနည်းငယ်ကြီးတဲ့ ကလေးကို စစ်ဆေးမယ်ဆိုရင်တော့ ကလေးကို အနည်းငယ်အဆာခံ ထားတာကကောင်းပါတယ်။ ကလေးကို နှစ်သိမ့်ပေးဖို့ နဲ့ စစ်ဆေးနေစဉ် ငြိမ်နေစေဖို့ အာထရာဆောင်း စစ်ဆေးချက်လုပ်နေစဉ်မှာ အစာကျွေးလို့ရပါတယ်။

ဦးခေါင်း အာထရာဆောင်းရိုက်နေစဉ်မှာ ဘာတွေဖြစ်နိုင်သလဲ?

ဒီစစ်ဆေးချက်ကို Radiologistလို့ခေါ်တဲ့ ဓါတ်မှန်ပုံရိပ်ကျွမ်းကျင်ဆရာဝန် (သို့) sonographer လို့ခေါ်တဲ့ အာထရာဆောင်း ကျွမ်းကျင် ပညာရှင် မှလုပ်ဆောင်ပေးနိုင်ပါတယ်။ ကလေးလေး အတွက်ဆိုရင်တော့ ဦးခေါင်း အာထရာဆောင်းရိုက်ခြင်းကို မွေးကင်းစ အထူးကြပ်မတ်စာင့်ကြည့်ခန်းထဲမှာ ကလေးရဲ့ကုတင်ဘေးမှာပဲ လုပ်ဆောင်နိုင်ပါတယ်။

ကလေးလေးဟာ ကျောဘက်နဲ့ လှဲနေပြီး transducer စက်ဟာ ကလေးရဲ့ ဦးခေါင်းထိပ် ပျော့ပြောင်းတဲ့ အစိတ်အပိုင်း anterior frontanelle ကို ဖြတ်ပြီး ရွေ့ရှားပါတယ်။ စစ်ဆေးနေစဉ်မှာ သင့်ကို သင့်ကလေးရဲ့ ခေါင်းကို ထိန်းထားပေးဖို့ ပြောပါလိမ့်မယ်။ ဗီဒီယို ဖန်သားပြင်ပေါ်မှာ ဦးနှောက် နဲ့ အတွင်းဘက် အခန်း( vemtricles)တွေရဲ့ ပုံရိပ်ကို မြင်ရမှာ ဖြစ်ပါတယ်။

လူကြီးတွေအတွက်ကတော့ ဦးခေါင်း အာထရာဆောင်းရိုက်ခြင်းကို ဦးနှောက် ခွဲစိတ်မှုတွေမှာ ဦးနှောက်အတွင်းရှိ အစိုင်အခဲတွေကို ရှာဖို့ အသုံးပြုပါတယ်။

စစ်ဆေးခြင်း နှင့် အဖြေရှာခြင်း။

ဦးခေါင်း အာထရာဆောင်းရိုက်ခြင်း လုပ်ပြီးနောက် ဘာတွေဖြစ်နိုင်သလဲ?

အာထရာဆောင်းစစ်ဆေးချက်အပြီးမှာ သင့်နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုချက်ချင်း ဆက်လက် လုပ်ဆောင်နိုင်ပါတယ်။

နောက်ထပ်စစ်ဆေးဖို့ ရက်ချိန်းလိုအပ်ရင် လိုအပ်နိုင်ပါတယ်။ နောက်ထပ် ဘာကြောင့်စစ်ဆေးရတယ်ဆိုတာ ဆရာဝန်က တိကျတဲ့အကြောင်းအရင်းကို ရှင်းပြပါလိမ့်မယ်။

တစ်ခါတစ်လေမှာ နောက်ထပ်စစ်ဆေးဖို့ ရက်ချိန်းရတာဟာ စစ်ဆေးချက်အဖြေမှာ သံသယရှိဖွယ်၊ မေးခွန်းထုတ်စရာ ရလဒ်ဖြစ်နေပြီး အခြား အနေအထား(သို့) အထူးပြုပုံရိပ် နည်းပညာတွေနဲ့ အတည်ပြုဖို့လိုအပ်တာကြောင့် ဖြစ်နိုင်ပါတယ်။

သိပြီးသား ပုံမမှန်တဲ့ကိစ္စ၊ရောဂါ တစ်ခုခုမှာ ဖြစ်နိုင်တဲ့ အပြောင်းအလဲကို ထပ်စစ်ဆေးဖို့ အတွက်လိုအပ်တဲ့အခါမှာလည်း နောက်ထပ် စစ်ဆေးဖို့ရက်ချိန်းက လိုအပ်လာပါလိမ့်မယ်။ ကုသမှုမှာ ထိရောက်မှုရှိ၊ မရှိ နဲ့ ပုံမမှန်တဲ့ ရောဂါတစ်ခုခုက အချိန်အကြာကြီး တည်မြဲနေ၊ မနေ စစ်ဆေးတဲ့ နေရာမှာလည်း နောက်ထပ်ရက်ချိန်းပေးပြီး စစ်ဆေးခြင်း နည်းလမ်းက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဦးခေါင်း အာထရာဆောင်းရိုက်ခြင်းနဲ့ ပတ်သတ်ပြီး မေးစရာရှိပါကဆရာဝန်နှင့် ဆက်လက် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

ရလဒ်အဖြေကို သိနားလည်ခြင်း။

စစ်ဆေးချက်ရလဒ်က ဘာကိုဆိုလိုသလဲ?

ပုံမှန် အဖြေများ။

ဦးနှောက်ရဲ့ အရွယ်အစား နဲ့ ပုံစံက ပုံမှန်ဖြစ်နေခြင်း။

ဦးနှောက်အတွင်းရှိ ventricles လို့ခေါ်တဲ့ အရည်ပြည့်နေတဲ့ အခန်းတွေရဲ့ အရွယ်အစား ပုံမှန်ဖြစ်နေခြင်း။

ဦးနှောက်တစ်ရှုးများ ပုံမှန်ဖြစ်နေခြင်း။ သွေးယို၊ သွေးထွက်မှု ၊ သံသယရှိတဲ့ နေရာ၊ ပုံမမှန်တဲ့ ကြီးထွားမှု၊ (သို့) ရောဂါပိုးဝင်သော အထောက်အထား စသည်တို့ မရှိခြင်း။

ပုံမှန် မဟုတ်သော အဖြေများ။

ဦးနှောက်အတွင်း သွေးထွက်ခြင်း(IVH )ရှိနိုင်ပါတယ်။ သွေးယိုတာကို စစ်ဆေးဖို့ (သို့) သွေးယိုတာကြောင့် ဖြစ်တဲ့ ပြသနာတွေကိုရှာဖွေရန်အတွက် စစ်ဆေးချက်တွေကို ထပ်ပြီး လုပ်ဆောင်ရတတ်ပါတယ်။

ဦးနှောက် ventricles နားမှာ သံသယရှိဖွယ်နေရာ များ(သို့) အဖုအကြိတ်များကို တွေ့ရတတ်ပါတယ်။ အဲဒါဟာ PVL( ventricle အနားမှာရှိတဲ့ ဦးနှောက်တစ်ရှုးပျက်စီးတဲ့ အခြေအနေ) ရဲ့ လက္ခဏာ ဖြစ်ပါတယ်။

ဦးနှောက်နဲ့ ventricles တွေဟာ ဦးနှောက်နှင့် ကျောရိုးအတွင်းရှိ ခြင်ဆီအများအပြား ဖြစ်ပေါ်လာခြင်းကြောင့် ကြီးလာနိုင်ပါတယ်။ အဲဒီအချက်ကလည်း Hydrocephalus ကို ညွှန်ပြတဲ့ အချက်ဖြစ်နေပါတယ်။

အကျိတ်တွေ(သို့) အရည်အိတ်တွေ ဖြစ်နိုင်တဲ့ ပုံမမှန်တဲ့ ကြီးထွားမှုတွေရှိနေနိုင်ပါတယ်။

သံသယ ဖြစ်စရာ ရလဒ်တွေတွေ့ရှိရနိုင်ပြီး အဲဒါတွေက encephalitis (သို့) ဦးနှောက် အမြှေးပါးယောင်ခြင်း တို့ ဖြစ်နိုင်ပါတယ်။

ဓါတု စစ်ဆေးခန်းတွေ နဲ့ ဆေးရုံတွေအပေါ်မူတည်ပြီး ဦးနှောက်အာထရာဆောင်း ရိုက်ခြင်း ပုံမှန်ရလဒ် အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။ စစ်ဆေးချက် အဖြေအတွက် မေးစရာရှိပါကဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement