backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cerebral Angiogram (ဦးနှောက်သွေးကြောပုံရိပ်ဖမ်းခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 20/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cerebral Angiogram (ဦးနှောက်သွေးကြောပုံရိပ်ဖမ်းခြင်း ) ကဘာလဲ။

Cerebral angiogram ဆိုတာ ခေါင်းနှင့်လည်ပင်းရှိသွေးကြောများအခြေအနေကို အရောင်ပါဆေးတစ်မျိုး၊ X-ray camera (fluoroscopy) တို့ကိုသုံးကာ ပုံရိပ်ဖမ်းယူကြည့်ရှုစစ်ဆေးခြင်းဖြစ်တယ်။

Cerebral angiogram ကို ဦးနှောက်ကိုသွေးသယ်ယူပေးနေသော သွေးလွှတ်ကြောလေးချောင်း၊ သို့မဟုတ် သွေးပြန်ကြောကို ကြည့်ရန်သုံးနိုင်တယ်။

ဘာကြောင့် ဦးနှောက်သွေးကြောပုံရိပ်ဖမ်းခြင်း (cerebral angiogram) ကိုလုပ်လေ့ရှိသလဲ

သွေးလွှတ်ကြောပိတ်နေနိုင်ချေရှိသူတိုင်း စစ်ဆေးစရာမလိုပါဘူး။ အန္တရာယ်များ၊ ဘေးထွက်ဆိုးကျိုးများရှိတာကြောင့် တခြားသောစစ်ဆေးမှုများနှင့် မလုံလောက်သောအခါမှ စစ်ဆေးလေ့ရှိပါတယ်။

ကြည့်ခြင်းဖြင့်-

• ဦးနှောက်သွေးကြောဖောင်းခြင်း

• သွေးကြောကျဉ်းခြင်း

• သွေးလွှတ်ကြောနှင့် သွေးပြန်ကြောကြား သွေးကြောများရှုပ်ထွေးခြင်း

• သွေးကြောရောင်ခြင်း

• အကျိတ်

• သွေးခဲ

• သွေးလွှတ်ကြောနံရံပြဲနေခြင်း များကို ရှာဖွေနိုင်ပါတယ်။

• ခေါင်းကိုက်ခြင်း

• သတိမေ့ခြင်း

• စကားဝါးခြင်း

• မူးခြင်း

• အမြင်ေဝဝါးခြင်း

• အားနည်ခြင်း၊ ထုံထိုင်းခြင်း

စသည့်လက္ခဏာများနှင့်ပတ်သက်ပြီး ရောဂါစစ်ဆေးရှာဖွေရန်အတွက်လည်း သုံးနိုင်တယ်။

စစ်ဆေးမှုမပြုလုပ်ခင်

ဘာတွေသိထားသင့်လဲ

ဒီစစ်ဆေးမှုအစား MRA (သံလိုက်ဓါတ်မှန်ဖြင့် သွေးကြောပုံရိပ်ဖမ်းခြင်း)၊ CTA (ကွန်ပျူတာဓါတ်မှန်ဖြင့် သွေးကြောပုံရိပ်ဖမ်းခြင်း)တို့က ပိုပြီး အန္တရာယ်နည်းပါတယ်။

ကျောက်ကပ်ပြဿနာ၊ ဆီးချိုသွေးချို၊ ရေဓါတ်ခမ်းခြောက်သူများအတွက် ကျောက်ကပ်ထိခိုက်မှုနည်းရန် ဆေးလျှော့သုံးတာမျိုး မလုပ်ခင် အရည်ဓါတ်ပိုပေးထားတာမျိုးလုပ်ပေးပါတယ်။ ကျောက်ကပ်ပြဿနာရှိခဲ့ဖူးပါက ခုကျောက်ကပ်အခြေအနေကိုသိရန် စစ်ဆေးမှုမတိုင်ခင် တခြားသွေးစစ်ဆေးမှုများလုပ်ရန်လိုပါလိမ့်မယ်။

တစ်ခါတလေ ပြွန်သွင်းလိုက်သောနေရာမှ သွေးကြောပေါက်ပြဲမှုကို ပြန်ပြင်ဖို့ခွဲစိတ်ရတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်ဟာ အရမ်းရှားပါတယ်

စစ်ဆေးမှုအတွက်ဘယ်လိုပြင်ဆင်ရမလဲ

• ဓါတ်မတည့်သည့်ဆေးများ (အထူးသဖြင့် အိုင်အိုဒင်း၊ ဓါတ်မှန်ရိုက်ဖို့အတွက်သုံးသောဆိုးဆေး dye ၊ ရာဘာပစ္စည်များ-အထူးသဖြင့် ရာဘာလက်အိတ်၊ ရာဘာဘောလုံး)

• သွေးယိုတတ်သောပြဿနာ

• ကိုယ်ဝန်ရှိနေနိုင်ချေ

အထက်ပါအခြေအနေများရှိပါက ကြိုပြောထားပါ။

• ပြုလုပ်မှုမတိုင်ခင် ၄ နာရီမှ ၈ နာရီလောက်ထိဘာမှမစားမသောက်ပါနှင့်။ Asprin သို့မဟုတ် သွေးကျဲဆေးများ သောက်နေပါက ဆရာဝန်ကိုပြောပြပါ၊ စစ်ဆေးမှုမတိုင်ခင် ၁ ရက်လောက် ဆေးရပ်ထားရန်လိုပါလိမ့်မယ်။

• နာရီအနည်းငယ်ကြာမည်ဖြစ်သောကြောင့် စစ်ဆေးမှုမလုပ်ခင် ဆီးသွားထားသင့်ပါတယ်။

• စစ်ဆေးမှုမခံယူခင် သတိပေးချက်များ၊ ဖြစ်နိုင်ချေရှိသော အန္တရာယ်များကိုသိရှိထားပြီး သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။

စစ်ဆေးမှု

စစ်ဆေးမှုမှာဘာတွေလုပ်မှာလဲ

ဆေးနှင့် လိုအပ်သည့် အရည်များသွင်းရန် အကြောဆေးထိုးပါလိမ့်မယ်။ Oxymeter ဟုခေါ်သော သွေးတွင်းရှိ အောက်စီဂျင်ပမာဏတိုင်းသော စက်ကို လက်ညှိုးသို့မဟုတ် နားမှာညှပ်ထားပါမယ်။ နှလုံးခုန်နှုန်းကိုသိရန် ရင်ဘတ်၊ လက်၊ ခြေထောက်တို့တွင် ECG ပလပ်များတပ်ထားပါမယ်။

ကုတင်ပေါ်တွင်လှဲနေရပါမယ်။

ပြွန်ငယ်သွင်းမယ့်နေရာ (လက် ဒါမှမဟုတ် ပေါင်ခြံ) မှအရေပြားကိုသန့်စင်ပြီး ထုံဆေးထိုးကာ ပြွန်ငယ်လေးသွင်းပါမယ်။ ထိုမှတဆင့် လည်ပင်းရှိ စစ်ဆေးလိုသည့် သွေးကြောဆီချိတ်ဆက်ထားပါလိမ့်မယ်။

ထို့နောက် အကြောဆေးမှတဆင့် ဆေးတစ်မျိုးထိုးသွင်းပါမယ်။ ထိုဆေးကသွေးကြောမှတဆင့်ပြန့်သွားကာ ဦးနှောက်ကိုထောက်ပံ့ပေးနေသော သွေးကြောပုံရိပ် ပေါ်လာစေပါမယ်။ ခေါင်းနှင့်လည်ပင်း များရိုက်ယူပါတယ်။ ပုံရိပ်အားလုံးယူပြီးတဲ့အခါ ပြွန်လေးကိုဖယ်လိုက်ပါလိမ့်မယ်။ တစ်နာရီမှ သုံးနာရီလောက်ထိကြာနိုင်ပါတယ်။

စစ်ဆေးပြီးနောက်

စစ်ဆေးပြီးရင်ဘာလုပ်ရမလဲ

စစ်ဆေးမှုဟာ တစ်နာရီမှ သုံးနာရီလောက်ထိကြာနိုင်ပါတယ်။ လိုအပ်ပါက နာကျင်မှုပျောက်အောင်ဆေးပေးပါလိမ့်မယ်။ တကယ်လို့ပေါင်ခြံမှသွင်းပါက ခြေထောက်ကို ၈ နာရီလောက် ဆန့်တန်းထားပါ။ စစ်ဆေးမှုအပြီး လိုက်နာရမည်များကိုဆရာဝန်ကပြောပါလိမ့်မယ်။ နာကျင်ရောင်ရမ်းမှုသက်သာရန် ရေခဲကပ်နိုင်ပါတယ်။

တစ်ရက်ထဲမှာပဲအိမ်တန်းပြန်နိုင်ပါတယ်။ တစ်ခါတရံဆေးရုံမှတစ်ညလောက်အိပ်ရသည်လည်း ရှိနိုင်ပါတယ်။ ပြွန်သွင်းထားသည့်နေရာမှာ နာကျင်မှု၊ ရောင်ရမ်းဒဏ်ရာတချို့ကျန်နေတတ်ပါတယ်။

ထိုးသွင်းထားသောဆေးများစွန့်ထုတ်ရန် ရေများများသောက်၊ ဆီးများများသွားရန်လိုပါတယ်။

မေးခွန်းများရှိပါက ဆရာဝန်ကိုတိုင်ပင်မေးမြန်းနိုင်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cerebral Angiogram (ဦးနှောက်သွေးကြောပုံရိပ်ဖမ်းခြင်း ) ရဲ့ ရလဒ်

အဖြေအချို့ကို ဆရာဝန်က ချက်ခြင်း ပြောကောင်းပြောနိုင်ပါတယ်။ အဖြေအကုန် အတိအကျကို တစ်ရက်အတွင်းသိနိုင်ပါတယ်။

ပုံမှန်

• သွေးကြောများ အရွယ်အစား၊ ပုံစံ၊ နေရာ၊ အရေအတွက်ပုံမှန်ဖြစ်ပါတယ်။

• ထိုးသွင်းလိုက်သောဆေးဟာ သွေးကြောအားလုံးတစ်လျှောက် တူညီစွာပျံ့နှံ့သွားပါတယ်။

• ကျဉ်းနေခြင်း၊ ပိတ်နေခြင်း၊ ဖောင်းနေခြင်း နှင့် အခြားပြဿနာများ မတွေ့ရပါ။

ပုံမှန်မဟုတ်

• သွေးကြောကျဉ်းနေခြင်းဟာ အဆီစုနေခြင်း၊ ကယ်လ်ဆီယမ်ပုံနေခြင်း၊ ဒါမှမဟုတ် သွေးခဲကြောင့် သွေးစီးကြောင်း လျှော့နေစေခြင်းဖြစ်နိုင်တယ်။

• သွေးကြောများနေရာပုံမှန်မဟုတ်ခြင်းဟာ သွေးကြောများကို တွန်းဖယ်ထားမယ့် အကျိတ်တစ်ခုခုရှိနေသောကြောင့် ဖြစ်နိုင်တယ်။

• သွေးကြောဖောင်းနေခြင်းဟာ သွေးကြောနံရံများ လျော့ရဲနေခြင်းဖြစ်နိုင်ပါတယ်။

• သွေးကြောပုံစံမူမမှန်ခြင်းဟာ အကျိတ်တစ်ခုခုရှိနေခြင်းဖြစ်နိုင်ပါတယ်။

• သွေးကြောမှ ဆေးများယိုထွက်နေခြင်းဟာ သွေးကြောနံရံမှာ ပေါက်နေတာဖြစ်နိုင်ပြီး.

• သွေးကြောမူမမှန်စွာ အခက်အလက်များကွဲနေခြင်းရှိရင်တော့ မွေးရာပါ ချို့ယွင်းချက်တစ်ခုခု ဖြစ်နိုင်ပါတယ်။.

ဓါတ်ခွဲခန်းနှင့်ဆေးရုံပေါ်မူတည်ပြီး ပုံမှန်ပမာဏ အနည်းငယ်ကွာခြားနိုင်ပါတယ်။ အဖြေအခြေအနေကိုသိရန် ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 20/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement