backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ca 19-9 Tumor Marker (စီအေ ၁၉-၉ ကင်ဆာညွှန်းကိန်း ဆိုတာဘာလဲ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

CA 19-9 tumor marker ဆိုတာဘာလဲ

ကင်ဆာရှိမရှိ ညွှန်ပြပေးနိုင်တဲ့ CA 19-9 tumor marker

CA 19-9 tumor marker ဟာ ကင်ဆာရောဂါရှိမရှိ ညွှန်ပြပေးနိုင်သလို ဆေးဝါးကုသမှုခံယူနေတဲ့ ကင်ဆာဝေဒနာရှင်တွေအနေနဲ့ ဆေးအပေါ် တုံ့ပြန်မှုရှိမရှိကိုလည်း သိနိုင်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် ပန်ကရိယကင်ဆာနဲ့ အသည်းကင်ဆာဝေဒနာရှင်တွေရဲ့ အခြေအနေတိုးတက်မှု ရှိမရှိကိုပါ စောင့်ကြည့်ပေးနိုင်ပါသေးတယ်။

CA 19-9 ဟာ ကင်ဆာဆဲလ်တွေရဲ့ မျက်နှာပြင်ပေါ်မှာရှိတဲ့ ကာဗိုဟိုက်ဒရိတ် ပဋိပစ္စည်းတမျိုး ဖြစ်ပါတယ်။ သင့်အနေနဲ့ ပန်ကရိယ ဒါမှမဟုတ် သည်းခြေလမ်းကြောင်းပိတ်ဆို့မှုကို ခံစားနေရပြီး CA 19-9 ပမာဏလည်း မြင့်တက်များပြားနေတယ်ဆိုရင် ဒါဟာ ပန်ကရိယကင်ဆာကို ညွှန်ပြနေပါတယ်။ အလားတူပဲ ရေဖျဉ်းစွဲပြီး အသားဝါနေတဲ့ လူနာတွေမှာ CA 19-9 ပမာဏများနေရင် အသည်းကင်ဆာလို့ ပြောနိုင်မှာ ဖြစ်ပါတယ်။ ပန်ကရိယကင်ဆာဝေဒနာရှင်တွေရဲ့ ၇၀ရာခိုင်နှုန်းလောက်နဲ့ အသည်းကင်ဆာဝေဒနာရှင်တွေရဲ့ ၆၅ရာခိုင်နှုန်းလောက်မှာ CA 19-9 ပမာဏ မြင့်တက်နေမှာပါ။

ပန်ကရိယကင်ဆာ ဒါမှမဟုတ် အသည်းကင်ဆာဖြစ်နေသူတွေမှာ အခြေအနေတိုးတက်မှုရှိမရှိကို စောင့်ကြည့်အကဲခတ်ဖို့အတွက်လည်း CA 19-9 ပမာဏကို တိုင်းတာနိုင်ပါတယ်။ ပန်ကရိယကင်ဆာ ဒါမှမဟုတ် အသည်းကင်ဆာခံစားနေရသူ အနည်းစုဟာ ခွဲစိတ်ကုသခြင်း၊ကင်ဆာဆေးသွင်းခြင်း ဒါမှမဟုတ် ဓါတ်ကင်ခြင်းတွေကြောင့် ရောဂါအခြေအနေ သက်သာကောင်းမွန်လာနိုင်ပြီး CA 19-9 ပမာဏ လျော့နည်းသွားခြင်းဟာ ရောဂါအခြေအနေတိုးတက်လာတာကို ညွှန်ပြနေပါတယ်။

CA 19-9 ပမာဏ အလျင်အမြန်တက်လာခြင်းဟာ ကင်ဆာကျိတ်အကြီးမြန်ခြင်းကို ဖော်ပြပါတယ်။ အစာအိမ်ကင်ဆာ၊အူမကြီးကင်ဆာ ဒါမှမဟုတ် အသည်းကင်ဆာဖြစ်နေသူတွေမှာ CA 19-9 ပမာဏမြင့်မားစွာ ရှိနေနိုင်ပြီး အစာအိမ်၊အူလမ်းကြောင်းနဲ့ မသက်ဆိုင်တဲ့ ကင်ဆာဝေဒနာရှင်တွေရဲ့ ၆ – ၇ % လောက်မှာတောင် CA 19-9 မြင့်တက်နေမှာပါ။

ပန်ကရိယရောဂါရှိသူတွေ၊သည်းခြေကျောက်တည်နေသူတွေ၊အသည်းခြောက်နေသူတွေ၊အူရောင်ရောဂါ ဖြစ်ပွားနေသူတွေနဲ့ cystic fibrosis လို့ခေါ်တဲ့ အဆုတ်ရောဂါတမျိုး ဖြစ်ခံစားနေရသူတွေမှာလည်း CA 19-9 ပမာဏ အနည်းငယ် များနေနိုင်ပါတယ်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

ဘယ်လိုအခြေအနေတွေမှာ CA 19-9 tumor marker ပမာဏကို တိုင်းတာမလဲ။

လူတယောက်မှာ ပန်ကရိယကင်ဆာရဲ့ လက္ခဏာတွေ ပြနေပြီဆိုရင် CA 19-9 ပမာဏ တိုင်းတာခြင်းကို အခြားစစ်ဆေးမှုတွေ (ဥပမာ carcinoma antigen germ (CEA) ပမာဏ၊bilirubin ဓါတ်ပမာဏ တိုင်းတာခြင်း နှင့်/သို့မဟုတ် အသည်းစစ်ဆေးခြင်း စသည်)နဲ့ တွဲဖက်ပြုလုပ်နိုင်ပါတယ်။

ပန်ကရိယကင်ဆာရဲ့ လက္ခဏာတွေကတော့ ဗိုက်အောင့်ခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း၊ကိုယ်အလေးချိန် လျော့ကျခြင်း နဲ့ အသားဝါခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အကယ်၍ ပန်ကရိယကင်ဆာ ဖြစ်ခါစကာလမှာ CA 19-9 ပမာဏ မြင့်တက်နေရင် ကုသမှုထိရောက်ခြင်းရှိမရှိ နဲ့ ရောဂါတကျော့ပြန် ဖြစ်ပွားခြင်းရှိမရှိကို စောင့်ကြည့်အကဲခတ်နိုင်ဖို့အတွက် ရောဂါကုသနေစဉ်အတောအတွင်းမှာ CA 19-9 ပမာဏ တိုင်းတာစစ်ဆေးခြင်းကို ရံဖန်ရံခါ (လိုအပ်သလို) ပြုလုပ်ပေးနိုင်ပါတယ်။

ကင်ဆာ၊အသည်း သို့မဟုတ် သည်းခြေလမ်းကြောင်းပိတ်ဆို့ခြင်း ရှိမရှိ သံသယဖြစ်နေရင်လည်း ဆရာဝန်အနေနဲ့ CA 19-9 ပမာဏကို တိုင်းတာစစ်ဆေးနိုင်ပါတယ်။ ကင်ဆာကြောင့်မဟုတ်တဲ့ သည်းခြေပြွန်ပိတ်ဆို့ခြင်းမှာလည်း CA 19-9 ပမာဏ အလွန်မြင့်တက်လာနိုင်ပြီး ပိတ်ဆို့ခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းကို ဖြေရှင်းပြီးသွားချိန်မှာတော့ CA 19-9 ပမာဏ အလျင်အမြန် ပြန်လည်ကျဆင်းသွားမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ အခြေအနေမျိုးအတွက်ဆိုရင် သည်းခြေပြွန်ကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းကို ဖြေရှင်းအပြီး တပတ်ကနေ နှစ်ပတ်အကြာမှာ CA 19-9 ပမာဏကို တိုင်းတာခြင်းဟာ အလွန်ထိရောက်မှာ ဖြစ်ပါတယ်။

ကြိုတင်ပြင်ဆင်ခြင်း

CA 19-9 tumor marker ပမာဏ မတိုင်းတာခင်မှာ ဘာတွေသိထားသင့်သလဲ။

CA 19-9 ဟာ တိကျမှု မရှိတဲ့အတွက် ကင်ဆာဖြစ်နိုင်ချေရှိမရှိကို ဖော်ပြပေးတဲ့ စစ်ဆေးမှု (cancer screening test) အဖြစ် အသုံးပြုနိုင်ခြင်းမရှိဘဲ ကင်ဆာဖြစ်နေသလားဆိုတာကိုသာ အဓိက ပြသပေးနိုင်ပါတယ်။ စိတ်မကောင်းစရာအချက်က ပန်ကရိယကင်ဆာဟာ ကနဦးအဆင့်မှာ ဘာလက္ခဏာမှ မပြတတ်တာပါပဲ။ ရောဂါလက္ခဏာတွေပြလာပြီး CA 19-9 ပမာဏလည်း များလာတဲ့အချိန်မှာဆိုရင်တော့ ကင်ဆာဟာ အဆင့်အတော်မြင့်နေပါပြီ။ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။

CA 19-9 tumor marker ပမာဏ မတိုင်းတာခင်မှာ ဘာတွေ ကြိုတင်ပြင်ဆင်ဖို့ လိုမလဲ။

စစ်ဆေးမှုမပြုလုပ်ခင်မှာ သိထားသင့်တာတွေကို ဆရာဝန်က ရှင်းပြမှာဖြစ်ပြီး ဒီစစ်ဆေးမှုအတွက် အစာမစားဘဲ နေဖို့ မလိုအပ်ပါဘူး။

စမ်းသပ် စစ်ဆေးခြင်း

CA 19-9 tumor marker ပမာဏတိုင်းတာခြင်းကို ဘယ်လိုပြုလုပ်သလဲ။

အောက်ပါအချက်တွေအတိုင်း ပြုလုပ်ပါတယ်။

  • သွေးထွက်မလွန်အောင် လက်မောင်းကို ပတ်တီးနဲ့ တင်းတင်းစည်းပါတယ်။
  • သွေးဖောက်မယ့်နေရာကို အရက်ပျံနေသေချာစွာ ဆေးကြောပြီး ပိုးသတ်ပါတယ်။
  • သွေးပြန်ကြောထဲကို အပ်ထိုးသွင်းပါတယ်။ လိုအပ်ရင် တကြိမ်ထပ်ပိုပြီး ထိုးနိုင်ပါတယ်။
  • ပိုက်နဲ့ဆက်ပြီး သွေးကို စုဆောင်းပါတယ်။
  • လုံလောက်တဲ့ သွေးပမာဏရရှိပြီးနောက်မှာ လက်မောင်းမှာပတ်ထားတဲ့ ပတ်တည်းကို ပြန်ဖြည်ပါတယ်။
  • အပ်ထိုးထားတဲ့ (သွေးဖောက်ထားတဲ့) နေရာကို ဂွမ်းစလေးနဲ့ အုပ်ပြီးဖိပေးထားပါတယ်။
  • နောက်ဆုံးအနေနဲ့ အဆိုပါနေရာကို ပလတ်စတာလေး ကပ်ပေးလိုက်ပါတယ်။

ပြီးရင်တော့ CA 19-9 tumor marker ပမာဏကို တိုင်းတာဖို့အတွက် ဖောက်ထားတဲ့ သွေးနမူနာကို ဓါတ်ခွဲခန်းပို့ပါတယ်။ နောက်ထပ် တပတ်ဆယ်ရက် လောက်အကြာမှာတော့ စစ်ဆေးမှုရလာဒ်ကို သိရှိရမှာ ဖြစ်ပါတယ်။

CA 19-9 tumor marker ပမာဏတိုင်းတာဖို့ သွေးဖောက်ပြီးနောက် ဘာဆက်လုပ်ရမလဲ။

သွေးဖောက်ထားတဲ့ နေရာကို ငါးမိနစ်လောက် ဂွမ်းစလေးနဲ့ အုပ်ပြီးဖိထားပေးပါ။ တကယ်လို့ CA 19-9 tumor marker နဲ့ပတ်သက်ပြီး မေးချင်တာရှိတယ်ဆိုရင် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

အဖြေကိုသိရှိခြင်း

ရရှိလာတဲ့ အဖြေကို ဘယ်လို သုံးသပ်ရမလဲ။

ပုံမှန်ပမာဏ —> <37 units / ml သို့မဟုတ် <37 kU / L (SI units)

မူမမှန် ပမာဏ —->

CA 19-9 ပမာဏ မြင့်တက်နေရခြင်းဟာ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

  • ပန်ကရိယကင်ဆာ။
  • အသည်းကင်ဆာ။
  • ပန်ကရိယရောင်ခြင်း။
  • သည်းခြေအိတ်ရောင်ခြင်း။
  • အသည်းခြောက်ခြင်း။
  • အစာအိမ်ကင်ဆာ။
  • အူမကြီးကင်ဆာ။
  • သည်းခြေကျောက်တည်ခြင်း။
  • Cystic fibrosis လို့ခေါ်တဲ့ အဆုတ်ရောဂါတမျိုး။
  • အဆုတ်ကင်ဆာ။
  • အူရောင်ရောဂါ။
  • အဆစ်အမြစ်ရောင်ရောဂါ။

ယခုစစ်ဆေးမှုအပြင် အခြားစစ်ဆေးမှုတွေနဲ့ အပြင်ပန်းစမ်းသပ်မှုတွေကိုပါ ပြုလုပ်ပြီးမှသာ ရောဂါအမည်တပ်ရမှာ ဖြစ်ပါတယ်။ ရောဂါအဖြေကို အတိအကျ သိရှိနိုင်ဖို့အတွက် အထူးကုဆရာဝန် ဒါမှမဟုတ် အထွေထွေရောဂါကု ဆရာဝန်တို့နဲ့ ဆွေးနွေးတိုင်ပင် မေးမြန်းရမှာပါ။ ဓါတ်ခွဲခန်းနဲ့ ဆေးရုံအပေါ်မူတည်ပြီး CA 19-9 tumor marker ရဲ့ ပုံမှန်ပမာဏ သတ်မှတ်မှုမှာ အနည်းငယ်ကွဲပြားကောင်း ကွဲပြားပါလိမ့်မယ်။ ဒါကြောင့် စစ်ဆေးမှုအဖြေနဲ့ ပတ်သက်လို့ သိလိုတာတွေရှိရင် ဆရာဝန်ကို မေးမြန်းရပါမယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement