backup og meta

အအေးမိတာ ရာသီဥတုအေးလို့လား။


Aye Thi Mon မှ ရေးသားသည်။ · 29/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အအေးမိတာ ရာသီဥတုအေးလို့လား။

    နှာတွေချေပြီး လည်ချောင်းနာတာချောင်းဆိုးတာတွေဖြစ်နေလား။ ဒါတွေက အအေးမိဖျားနာတာတွေရဲ့ အစောပိုင်းလက္ခဏာတွေပါ။ ဒီလိုလက္ခဏာတွေဖြစ်တာက ရာသီဥတုအေးတာကြောင့်လို့ထင်နေပါသလား။ လူကြီးမိဘတွေကလည်းလေစိမ်းတွေ အတိုက်မခံနဲ့ အအေးမိလိမ့်မယ်၊ အအေးမခံနဲ့ အအေးမိလိမ့်မယ်ဆိုတာမျိုးတွေ မကြာခဏကြားဖူးမှာပေါ့။နေမကောင်းရင် ဖျားနာနေရင် အအေးမခံဖို့ရေမချိုးဖို့အစရှိတာတွေလည်း တားမြစ်တာခံဖူးမှာပေါ့။ ဖျားနာတာရဲ့ နာမည်ကိုယ်တိုင်ကလည်း အအေးမိဖြစ်နေတော့နေမကောင်းတာ ဖျားနာတာဟာ ရာသီဥတုအေးတာကြောင့်လို့ ထင်ကြတာ အလွန်တော့မဟုတ်ပါဘူး။

    ရာသီဥတုအေးတာကြောင့် အအေးမိနိုင်လား

    အတိုဆုံးအဖြေကတော့ ရာသီဥတုအေးတာကြောင့် အအေးမိဖျားနာဖြစ်တာမဟုတ်ပါဘူး။ အအေးမိဖျားနာဖြစ်ရတဲ့အကြောင်းအရင်းက တစ်ခုတည်းပါ။ ဒါကတော့ ဗိုင်းရပ်စ်တစ်မျိုးမျိုးနဲ့ထိတွေ့မိတာကြောင့်ပါ။အေးနေတဲ့ရာသီဥတုအခြေအနေက ပန်းနာရင်ကျပ်လိုမျိုးအခြေအနေတွေကို ပိုဆိုးသွားစေနိုင်တာ အသေအချာပါပဲ။ ဒါပေမယ့် သာမန်ဖျားနာတာတွေနဲ့ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်တဲ့ တုပ်ကွေးရောဂါတွေက ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတာပါ။ လည်ချောင်းနာတာ၊နှာစေးတာ၊ ရင်ပြည့်တာ နဲ့ ချောင်းဆိုးတာတွေကိုတော့ ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရတဲ့ဆေးတွေ သောက်သုံးရုံနဲ့ပျောက်ကင်းနိုင်ပါတယ်။ သာမန်ဖျားနာတာမျိုးက များသောအားဖြင့် သိပ်မပြင်းထန်တတ်ပေမယ့်ရောဂါလက္ခဏာတွေအားလုံးပျောက်ကင်းဖို့ဆိုရင် အချိန် တစ်ပတ်ကနေနှစ်ပတ်လောက် အထိကြာမြင့်နိုင်ပါတယ်။ ဒါပေမယ့် နေမကောင်းဖြစ်တဲ့အခါ အဖျားတက်တာ၊ခေါင်းကိုက်တာ၊ကြွက်သားတွေ နာကျင်တာမျိုးဖြစ်လာမယ်ဆိုရင်တော့ သာမန်အဖျားမဟုတ်တော့ပါဘူး။ တုပ်ကွေးဖြစ်နေတာပါ။ ဒီလိုအခြေအနေမျိုးမှာတော့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူဖို့လိုအပ်ပါမယ်။

    သာမန်ဖျားနာမှုဆိုတာက

    ခန္ဓာကိုယ်က မအီမသာဖြစ်လာမယ်။ခြေလက်တွေညောင်းလာမယ်။ နှာချေမယ်။ လည်ချောင်းနာမယ်။ နှာစေးမယ်ဆိုရင် ဒါကအဖျားသွေးရှိနေပြီလို့ပြောရပါတယ်။ အရမ်းမပြင်းထန်ပေမယ့် အဖျားသက်သာဖို့ အချိန်တော်တော်လေးတော့ယူရပါတယ်။ပြည့်ပြည့်ဝဝအနားယူပေးတာ၊ အာဟာရပြည့်ဝအောင်စားသုံးပေးလိုက်မယ်ဆိုရင်တော့ သာမန်ဖျားနာမှုကို သက်သာသွားအောင်အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

    အအေးမိတာနဲ့ရာသီဥတုအေးတာကြားမှာ ဆက်စပ်မှုရှိနေလား

    ရာသီဥတုအေးတာက ဖျားစေနိုင်ပါသလား။ ဒီမှားယွင်းနေတဲ့ အယူအဆက လွန်ခဲ့တဲ့ရာစုနှစ်တွေကတည်းက ဘိုးဘွားတွေဆီကနေတဆင့် လက်ဆင့်ကမ်းလာခဲ့တဲ့ အယူအဆပါ။ ကလေးတွေကိုလေစိမ်းအတိုက်မခံနဲ့၊ ရာသီဥတုအေးနေချိန် အပြင်ခေါ်သွားမယ်ဆိုရင် ဦးထုပ်ဆောင်းသွားပေးပါ။ ဆံပင်ရေစိုနဲ့ အပြင်ပေးမထွက်နဲ့ဆိုတာတွေက ဘိုးဘွားတွေကနေတဆင့် မျိုးရိုးအဆက်ဆက်လက်ဆင့်ကမ်းလာခဲ့တဲ့ အယူအဆအမှားတွေပါ။ အပြည့်အဝကြီးမှားယွင်းနေတာတော့ မဟုတ်ပါဘူး။

    ဒါပေမယ့် ဒါက ယုံတမ်းစကားဆိုရင် အအေးမိတာနဲ့တုပ်ကွေးဖြစ်တာတွေက ဘာကြောင့်ဆောင်းရာသီလိုမျိုးအေးတဲ့ရာသီဥတုတွေမှာ အဖြစ်များရတာလဲ လို့မေးစရာရှိလာပါပြီ။ ဒါကဘာကြောင့်လဲဆိုတော့အပေါ်မှာပြောခဲ့သလိုပါပဲ။ အအေးမိဖျားနာတာကို အဓိကဖြစ်စေတဲ့အကြောင်းအရင်းက ဗိုင်းရပ်စ်တွေကြောင့်ပါ။ ဘာလို့ ရာသီဥတုအေးတဲ့အချိန်မှာ ဖျားနာမှုတွေပိုဖြစ်ရတာလဲဆိုတာကတော့ အအေးမိတာနဲ့တုပ်ကွေးရောဂါတွေကိုဖြစ်စေတဲ့ရောဂါပိုးတွေက ရာသီဥတုအေးမြတဲ့အခြေအနေမှာ ရှင်သန်ပေါက်ဖွားနိုင်ခြေမြင့်မားနေတာကြောင့်ပါ။ ရာသီဥတုအေးမြနေတာက တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ရှင်သန်နေအောင် အားဖြည့်ပေးနေပါတယ်။

    အအေးမိဖျားနာတာကိုဖြစ်စေတဲ့ အဓိက တရားခံ

    ခန္ဓာကိုယ်ကို ဖျားနာစေတဲ့အရာတွေထဲမှာ ရာသီဥတုအေးတာတစ်ခုအပါအဝင်ဆိုပေမယ့် ရာသီဥတုအေးတာကြောင့်တစ်ခုတည်းနဲ့တော့ မဖျားနာနိုင်ပါဘူး။ သင့်အနေနဲ့rhinoviruses ကူးစက်ခံရတဲ့အခါ အအေးမိနိုင်ပြီး တုပ်ကွေးဖြစ်စေတဲ့ influenza ဗိုင်းရပ်စ်နဲ့ထိတွေ့မိတဲ့အခါမှာတော့ တုပ်ကွေးရောဂါခံစားရနိုင်ပါတယ်။ ဒါက ဖျားနာခြင်းရဲ့ အဓိက တရားခံတွေပါပဲ။

    Rhinoviruses ကူးစက်ပြန့်ပွားမှုနှုန်းဟာနွေဦးရာသီနဲ့ဆောင်းဦးရာသီတွေမှာ အမြင့်ဆုံးပါ။ တုပ်ကွေးရောဂါပိုးကတော့ဆောင်းရာသီမှာပြန့်ပွားမှုနှုန်းအမြင့်ဆုံးပါ။ ဒီလိုမျိုးအေးမြတဲ့ ရာသီဥတုအနေအထားမှာ ဗိုင်းရပ်စ်တွေအကောင်းဆုံးရှင်သန်နိုင်မှုက ရာသီဥတုအေးတဲ့အခါ ဖျားနာမှုတွေကိုဖြစ်စေနိုင်တယ်ဆိုတဲ့ အယူအဆကိုဖြစ်ပေါ်စေခဲ့တာပါ။ တကယ်တော့ ဖျားနာမှုကိုဖြစ်စေတာက ပတ်ဝန်းကျင်မှာပြန့်နှံ့နေတဲ့ရောဂါပိုးတွေပါ။

    ဘယ်လိုအခြေအနေတွေကဖျားနာတာကိုဖြစ်စေနိုင်တာလဲ

    မဖျားဘူးတဲ့သူရယ်လို့တော့မရှိပါဘူး။ လူတိုင်းရဲ့ခန္ဓာကိုယ်က အသွေးအသားတွေနဲ့ဖွဲ့စည်းထားတာဖြစ်တာကြောင့် ဖျားနာမှုကိုခံစားရနိုင်ပါတယ်။ ဘယ်လိုအခြေအနေတွေက ဖျားနာစေတာလဲဆိုတာကို သိထားမယ်ဆိုရင် အလွယ်တကူဖျားနာတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်မှာတော့ အသေအချာပါ။

    ရောဂါပိုးကူးစက်ခံထားရသူက နှာချေတာ၊ ချောင်းဆိုးတာ နှပ်ညှစ်တာတွေကနေတဆင့် ဗိုင်းရပ်စ်တွေကလေထုထဲမှာပြန့်နှံ့သွားပြီး အခြားသူတွေဆီကို ကူးစက်စေတာပါ။ အအေးမိဖျားနာတာကိုဖြစ်စေနိုင်တဲ့ဗိုင်းရပ်စ်တွေက အရာဝတ္ထုတွေအပေါ်မှာ ၂ ရက် ၄၈ နာရီကြာရှင်သန်နေနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဗိုင်းရပ်စ်တွေရှိနေတဲ့ အရာတွေကို လက်နဲ့ကိုင်တွယ်ထိတွေ့မိပြီး နှာခေါင်း၊ မျက်လုံး နဲ့ ပါးစပ်တွေကိုထိတွေ့မိတဲ့အခါ ဖျားနာတာတွေဖြစ်လာနိုင်ပါတယ်။

    အအေးမိဖျားနာကင်းဝေးစေဖို့

    ခန္ဓာကိုယ်ကိုပြည့်ဝစွာအနားယူပေးပါ – တစ်နေ့တာလုံးလှုပ်ရှားရုန်းကန်ထားတဲ့ ခန္ဓာကိုယ်ကို ညဘက်အိပ်ရေးပျက်ခံစေတာမျိုးမလုပ်ပါနဲ့။ပြည့်ဝတဲ့ အိပ်စက်ချိန်ထားရှိပေးပါ။ ခန္ဓာကိုယ်က ပင်ပန်းနေတဲ့အခါ အဖျားဝင်လွယ်စေတာကြောင့်ပါ။

    စိတ်ဖိစီးမှုကိုဖြေဖျောက်ပါ – စိတ်ကလည်း ခန္ဓာကိုယ်ကျန်းမာဖို့အတွက် တော်တော်လေးအရေးပါပါတယ်။ ဒါကြောင့် အလုပ်တွေအရမ်းလုပ်တာ၊ စိတ်မကောင်းဖြစ်စရာတွေကိုတွေးတာ၊ဒေါသဖြစ်တာမျိုးတွေက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကိုနှေးကွေးစေနိုင်ပါတယ်။ ဒါကြောင့် တရားထိုင်တာ၊ သီးချင်းအေးအေးလေးတွေနားထောင်တာတွေလုပ်ပေးပြီး စိတ်ဖိစီးမှုကိုပြေလျော့အောင်လုပ်ဆောင်ပါ။

    ရေများများသောက်ပေးပါ – ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကရေဓါတ်နဲ့ဖွဲ့စည်းထားတာကြောင့် ခန္ဓာကိုယ်ရဲ့လုပ်ငန်းစဉ်တွေကောင်းမွန်စွာ လုပ်ကိုင်နိုင်စေဖို့ဆိုရင် ရေများများသောက်ပေးဖို့လိုပါမယ်။ ဒါကြောင့် ခန္ဓာကိုယ်ကျန်းမာပြီး ကိုယ်ခံအားကောင်းစေဖို့အတွက်ရေများများသောက်ပေးပါ။

    ကိုယ်လက်လှုပ်ရှားမှုရှိပါစေ -နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အခါ ခန္ဓာကိုယ်ကသွေးလှည့်ပတ်မှုကောင်းမွန်ပြီး ကိုယ်ခံအားလည်း တက်လာမှာအသေအချာပါ။ တစ်နေ့ကို အချိန်မရရင်တောင်မှ ၁၅ မိနစ်လောက်ပုံမှန်လမ်းလျှောက်ပေးတာ၊ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ လုပ်ပေးတာမျိုးလုပ်ပေးပါ။

    အခုလောက်ဆိုရင်အအေးမိဖျားနာဖြစ်စေတာက ရာသီဥတုအေးတာကြောင့် မဟုတ်ဘူးလို့ ဘာကြောင့်ပြောရလဲဆိုတာကိုသိလောက်ပြီ ထင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 29/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement